ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ဘယ်လို ခန့်မှာလဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 18, 2020

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ဘယ်လို ခန့်မှာလဲ

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ နိုင်ငံတော် သမ္မတသည် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနက် သင့်လျော်သူကို ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာ ဖြစ်ပါတယ်။

.

သက်ဆိုင်ရာ ဥပဒေများအရ ရှမ်းပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်ဟု ဆိုထားသော်လည်း ဝန်ကြီးချုပ် အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရလို့ ဖော်ပြ ပါရှိတာကြောင့် သမ္မတ တင်သွင်းတဲ့ အမည်စာရင်းကို ပြည်နယ်လွှတ်တော်အနေဖြင့် ငြင်းပယ်ရန်မှာ မဖြစ်နိုင်သကဲ့သို့ ငြင်းပယ်မှု အောင်မြင်ပါကလည်း အခြား သင့်လျော်သူကို အမည်စာရင်း ထပ်မံ တင်သွင်း၍ ခန့်အပ်ရမှာ ဖြစ်တဲ့အတွက် သမ္မတရဲ့ ဆုံးဖြတ်ချက်သည်သာ အဓိက ကျပေသည်။

.


ဝန်ကြီးချုပ် အရည်အချင်း

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်မည့်သူသည် အသက် ၃၅ နှစ် ပြည့်ပြီး၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ စသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်လို့ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

.

ရှမ်းပြည်နယ်လွှတ်တော် အခြေအနေ

.

ရှမ်းပြည်နယ်လွှတ်တော်ဟာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကသာ အသာစီး ရခဲ့တဲ့ လွှတ်တော် ဖြစ်ပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ အများဆုံး မရရှိခဲ့ပေမဲ့လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး ရှိနေကြောင့် အသာစီး ရနေဆဲပဲလို့ ဆိုနိုင်ပါတယ်။

.

လွှတ်တော်မှာ နေရာ အသာစီး ရရှိခဲ့တာကြောင့် ပထမအကြိမ်အစိုးရ ဖြစ်တဲ့ USDP အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နေရာကို ရယူခဲ့တဲ့အပြင် ဒုတိယအကြိမ် NLD အစိုးရ သက်တမ်းမှာလည်း ပြည်နယ်ဝန်ကြီး နေရာ ၃ ခုကို ရယူနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် တတိယအကြိမ် အစိုးရ (NLD အစိုးရ) လက်ထက်မှာလည်း ပြည်နယ်ဝန်ကြီးနေရာတွေကို ဆက်လက် ရယူနိုင်ခြေ ရှိလာနိုင်ပါသေးတယ်။

.

ရှမ်းပြည်နယ်ရဲ့ ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်နေရာကို ဒုတိယအများဆုံး ရယူနိုင်ခဲ့တဲ့အပြင် NLD ရဲ့ နိုဝင်ဘာလ ၁၂ ရက်က တိုင်းရင်းသားပါတီတွေကို လိပ်မူပြီး ထုတ်ပြန်ခဲ့တဲ့ “ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ” စာအရ SNLD ကို ဝန်ကြီးချုပ်နေရာ (သို့) ပြည်နယ်ဝန်ကြီးနေရာများကို တာဝန် ပေးအပ်လာနိုင်ဖွယ် ရှိပါတယ်။

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်၏ အကြီးအကဲ ဖြစ်သည့် နည်းတူ ပြည်ထောင်စုအစိုးရနှင့် သမ္မတအား တာဝန်ခံ ဆောင်ရွက်ရသူ ဖြစ်ခြင်းကြောင့် အခြားသော ပါတီများထက် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ကိုသာ ခန့်အပ်လိမ့်မည်ဟု သုံးသပ်မိပါတယ်။


ဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာနိုင်လဲ

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်၏ အကြီးအကဲ ဖြစ်သည့် နည်းတူ ပြည်ထောင်စုအစိုးရနှင့် သမ္မတအား တာဝန်ခံ ဆောင်ရွက်ရသူ ဖြစ်ခြင်းကြောင့် အခြားသော ပါတီများထက် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ကိုသာ ခန့်အပ်လိမ့်မည်ဟု သုံးသပ်မိပါတယ်။ NLD ပါတီ ကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာကြမည့်သူ ၂၉ ဦး ရှိပြီး ၎င်းတို့ အားလုံးမှာ ဝန်ကြီးချုပ် အရည်အချင်းနှင့် ကိုက်ညီသူများပင် ဖြစ်ပါတယ်။

.

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ဟာ ရှမ်းပြည်နယ်ရဲ့ လက်ရှိ အကြီးအကဲဖြစ်တာကြောင့် လုပ်ငန်းပိုင်း စွမ်းဆောင်ချက်မှာ ပြည်သူများရဲ့ ထောက်ပြဝေဖန်မှု အချို့ ခံခဲ့ရသော်လည်း ရှမ်းပြည်နယ်ရဲ့ အထက်ပါ နိုင်ငံရေး အခြေအနေတွေကြောင့် အစိုးရနဲ့ လွှတ်တော်ကြား ပွတ်တိုက်မှု မရှိခြင်း၊ အတိုက်အခံ ပါတီမှ ဝန်ကြီးများ အစိုးရအဖွဲ့အတွင်း ပါဝင်နေသော်လည်း တစ်စုံတရာ ပြဿနာ မဖြစ်အောင် အုပ်ချုပ်နိုင်ခြင်း စတဲ့ အခြေအနေတွေအရ ဒေါက်တာ လင်းထွဋ်ရဲ့ အုပ်ချုပ်ရေးစွမ်းရည်ကို အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်ရဲ့ အခြေအနေအရ သော်လည်းကောင်း၊ အတွေ့အကြုံ ရှိသူ အဖြစ် သော်လည်းကောင်း ဒေါက်တာ လင်းထွဋ်ကို ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်အပ်နိုင်ဖွယ်လည်း ရှိနေပါတယ်။

.

ဝန်ကြီးချုပ် ဖြစ်လာဖွယ် ရှိသူ တစ်ဦးကတော့ လက်ရှိ ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်၊ ပြည်နယ်ဝန်ကြီးလည်း ဖြစ်ပြီး တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ အနိုင် ရရှိခဲ့တဲ့ NLD ပါတီ ပြည်နယ်အောင်နိုင်ရေး ခေါင်းဆောင် ဦးစိုးညွန့်လွင် ဖြစ်ပါတယ်။ လက်ရှိမှာ လူထု ထောက်ခံမှုကို အများဆုံး ရရှိခဲ့သူ ဖြစ်တဲ့အပြင် လူမှုကွန်ရက်ကို အကောင်းဆုံး အသုံးချနိုင်တာကြောင့် ပြည်သူအကြား ထင်ရှားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြောရဲဆိုရဲ လုပ်ဆောင်ရဲတဲ့ အခြေအနေတွေနဲ့ ရှမ်းပြည်နယ်မှာ NLD ရဲ့ အောင်မြင်မှုကို ရယူပေးနိုင်တဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်တာကြောင့် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လာနိုင်ဖွယ် ရှိနေပြန်ပါတယ်။

.

ဒေါက်တာ လင်းထွဋ်နဲ့ ဦးစိုးညွန့်လွင် အပြင် အခြားသော NLD ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များမှာလည်း NLD ပါတီ၏ တာဝန် ပေးအပ်မှု၊ မဲဆန္ဒရှင် ပြည်သူများရဲ့ ထောက်ခံမှုများ ရှိနေခြင်းများကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့အတွက် ဦးဇော်မင်းလတ်၊ ဒေါက်တာ ဒေါ်သန်းငွေ၊ ဦးမောင်မောင်စိန်တို့ အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အားလုံးသည်လည်း ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာနိုင်သူများပင် ဖြစ်သည်။

.

မည်သို့ပင် ဆိုစေ အခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေတွေအရ ဖြစ်စေ၊ အနိုင်ရပါတီ NLD ၏ မူဝါဒအရ ဖြစ်စေ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုနဲ့ နိုင်ငံတော်သမ္မတကသာ ခန့်အပ်မှာပဲ ဖြစ်ပါတယ်။

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် မည်သူပင် တာဝန် ထမ်းဆောင်စေကာမူ ရှမ်းပြည်နယ်အကျိုး၊ ဒေသခံ ပြည်သူများ အကျိုးကို သယ်ပိုးနိုင်သူသာ ဖြစ်စေလိုကြောင်း ဆန္ဒ ပြုလိုက်ရပါတယ်။

.

မည်သို့ပင် ဆိုစေ အခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေတွေအရ ဖြစ်စေ၊ အနိုင်ရပါတီ NLD ၏ မူဝါဒအရ ဖြစ်စေ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုနဲ့ နိုင်ငံတော်သမ္မတကသာ ခန့်အပ်မှာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About