ရှမ်းပြည်နယ်အတွင်း၌ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုပေါင်း ၁၇ မှု ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 27, 2020

ရှမ်းပြည်နယ်အတွင်း၌ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုပေါင်း ၁၇ မှု ရှိ

စုလှိုင်

.

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလတွင် ရှမ်းပြည်နယ်အတွင်း၌ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုပေါင်း ၁၇ ခု ရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

.

တိုင်ကြားမှု တွေ ရှိပါတယ်။ ရွေးကောက်ပွဲ ဥပဒေနဲ့ အမှုဖွင့်ထားတာ ၁၇ မှု ရှိပါတယ်။ အသေးစိတ်တော့ ပြောလို့ မရဘူး ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဥပဒေနဲ့ အရေးယူတယ်လို့ပဲ ပြောလို့ရပါမယ်။ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


ရွေးကောက်ပွဲ မကျင်းပမီ အကြိုကာလတွင် ၄ မှု၊ ရွေးကောက်ပွဲ ကျင်းပစဉ် ၂ မှုနှင့် ရွေးကောက်ပွဲ အလွန်ကာလတွင် ၁၁ မှု၊ စုစုပေါင်း ၁၇ မှုကို သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ပါတီဝင်များက ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် တိုင်ကြားစာ လက်ခံ ရရှိထားမှု အခြေအနေများအား ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်ထံသို့ ဆက်သွယ် မေးမြန်းရာတွင် စိစစ်မှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်းသာ ပြောဆိုခဲ့သည်။

.

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ ကျူးလွန်မှု အပေါ်မူတည်ကာ တိုင်ကြားမှုကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင် အဖွဲ့ခွဲနှင့် ပြည်ထောင်စုနယ်မြေကော်မရှင် အဖွဲ့ခွဲတွင် တိုင်ရမည့် အပြင် ရာဇဝတ်မှုအတွက် တိုင်ကြားမှုကို ရွေးကောက်ပွဲနေ့ မတိုင်မီ၊ ရွေးကောက်ပွဲနေ့ သို့မဟုတ် ရွေးကောက်ပွဲ အပြီး ၁၅ ရက်အတွင်း ရဲ သို့မဟုတ် ရာဇဝတ်မှုနှင့် ဆိုင်သော ဌာနသို့ တိုင်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း လုပ်ငန်းစဉ် လက်စွဲတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats