ရှမ်းပြည်နယ်သို့ ဝင်ရောက်လာသည့် ယာဉ်များ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် မပါ ရှိပါက ဝင်ရောက်ခွင့် ပြုမည် မဟုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 20, 2020

ရှမ်းပြည်နယ်သို့ ဝင်ရောက်လာသည့် ယာဉ်များ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် မပါ ရှိပါက ဝင်ရောက်ခွင့် ပြုမည် မဟုတ်

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များအား ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် မပါရှိပါက လာမည့် နိုဝင်ဘာလ ၂၃ ရက်မှ စတင်၍ လုံးဝ ဝင်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

.

“ အစည်းအဝေး ဆုံးဖြတ်ချက်အရ သတ်မှတ်လိုက်တာ။ ဗဟိုက လမ်းညွှန်တဲ့အတိုင်း နဂိုကအတိုင်းပဲ လုပ်ဆောင်တာပါ။ ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များမှာ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ် မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်မည်ဆိုပါက ကျန်းမာရေးဌာန၏ (COVID-19) ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် မပါရှိပါက လုံးဝ (လုံးဝ) ဝင်ရောက်ခွင့် မပြုရန်။ ရှမ်းပြည်နယ်အတွင်းမှ အခြား တိုင်းဒေသကြီး ပြည်နယ်များသို့ ထွက်ခွာမည်ဆိုပါက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနေဖြင့် မိမိ မော်တော်ယာဉ်အသင်း/ ကုန်စည်ဂိတ်များ၏ ထောက်ခံချက် ရယူပြီး မြို့နယ် ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ၏ ထပ်ဆင့်ထောက်ခံချက် ရယူရန်၊ ယင်းအချက်များ ပါရှိမှသာ ကျန်းမာရေးဌာနမှ RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေး ထောက်ခံချက် ပေးရန်။ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မော်တော်ယာဉ်အသင်း/ ကုန်စည်ပို့ဆောင်ရေးဂိတ်များမှ သတ်မှတ်ထားသော နေရာမှအပ ပြင်ပ/ရပ်ကွက်အတွင်း ဝင်ထွက် သွားရောက်မှု မရှိစေရေး မော်တော်ယာဉ်အသင်း/ဂိတ်များမှ တာဝန်ယူ၍ ကြပ်မတ်ဆောင်ရွက်ရန်၊ လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူရန်။

.

COVID-19 ဂိတ်များကို တိမ်းရှောင်၍ ရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာမှုများကို တားမြစ်ဆောင်ရွက်ရန်၊ လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူရန်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ SOP များကို ယာဉ်မောင်း/ ယာဉ်နောက်လိုက်နှင့် ဒေသခံပြည်သူများ သိရှိနိုင်ရေး ဗွီနိုင်းများ ချိတ်ဆွဲ ကြေညာပေးရန်။ COVID-19 စစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ SOP များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန်။ ရှမ်းပြည်နယ်အတွင်းရှိ COVID-19 စစ်ဆေးရေးဂိတ်များတွင် ညအချိန် လုံခြုံရေးတာဝန် ချထားနိုင်ရေး ဌာနဆိုင်ရာများ၊ သန္ဓေ/အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များကို အင်အား တိုးမြှင့် တာဝန်ပေးအပ်ရန်နှင့် နံနက် ၆ နာရီ ကျန်းမာရေးစစ်ဆေးရေးဂိတ် စ ဖွင့်ချိန်တွင် ရဲတပ်ဖွဲ့လုံခြုံရေးအင်အား အပြည့်အဝ ချထား ဆောင်ရွက်ရန်။

.

Quarantine Center များကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိရန်နှင့် Quarantine Center များ စည်းကမ်း စနစ်တကျ ရှိစေရေးဆောင်ရွက်ရန်၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များ ပါဝင်သော အဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက်ရန်။ Quarantine Center များ ဖွင့်လှစ်ထားရှိသော အဆောက်အဦများ အသုံးပြုစဉ် ကျသင့်သော ရေ/မီး အခွန်အခများကို ယင်းဌာနမှ ပေးချေနိုင်ရေး အထက်ဌာန အဆင့်ဆင့်သို့ တင်ပြရန်။ Quarantine Center များ၏ လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန်။

.

Positive လူနာများကို Contact Tracing ပြုလုပ်ရာတွင် တာဝန်ရှိသည့် ဌာနများကသာ အဓိကတာဝန်ယူ ဆောင်ရွက်ရန်၊ အခြား မသက်ဆိုင်သူများ ဝင်ရောက် မေးမြန်းခြင်းကို တားမြစ်ရန်။ Lock Down/ Stay at Home သတ်မှတ်ထားသော ဒေသ/နေရာများကို ကန့်သတ်ချက်များနှင့်အညီ နေထိုင်နိုင်ရေး အဖွဲ့ဖြင့် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန်။ မြို့နယ်များအတွင်း အများပြည်သူများ COVID-19 ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး Hand Speaker များဖြင့် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ရန်နှင့် ပညာပေးလုပ်ငန်များ၊ Mask Campaign လုပ်ဆောင်မှုများအား အင်တိုက်အားတိုက် ဆောင်ရွက်ရန်။

.

တင်ဒါအောင် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ၊ အလုပ်သမားများ ပြည်နယ်အတွင်းသို့ ဝင်ရောက် လုပ်ငန်း ဆောင်ရွက်မည် ဆိုပါက COVID-19 ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးစစ်ဆေးချက် ယူဆောင်လာရန်နှင့် လုပ်ငန်း မစတင်မီ လုပ်ငန်းခွင် Quarantine ၂ ပတ် ဝင်ရောက်ရန်။ ဌာန၏ လုပ်ငန်းများမှ အလုပ်သမားများ ဖြစ်ပါက  ယင်းဌာနက အဓိက တာဝန်ယူကြီးကြပ်ရန်နှင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ညှိနှိုင်းပေါင်းစပ်၍ စိစစ်ကြီးကြပ်ရန်။ ပြင်ပ ပုဂ္ဂလိကလုပ်ငန်းမှ အလုပ်သမားများ ဖြစ်ပါက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စိစစ်ကြပ်မတ်ရန်။

.

ဟိုတယ်/တည်းခိုခန်းများတွင် ညအိပ် တည်းခိုမှုစာရင်းကို သတ်မှတ်ပုံစံအတိုင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မပျက်မကွက် သတင်းတင်ပြရန်။ ညောင်ရွှေနှင့် ကလောမြို့နယ်တွင် Hotel Quarantine ထားရှိနိုင်ရေး ဆောင်ရွက်ရန်။ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ (ဆိုင်ထိုင် စားသောက်မှု မရှိစေရေး)၊ ဂိမ်းဆိုင်များ၊ ဖူဆယ်ကွင်းများ ဖွင့်လှစ်မှု မရှိစေရေး စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန် စသည်တို့ ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နိုဝင်ဘာလ ၁၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ၁၉ ချက်ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများသို့ ညွှန်ကြားချက် ထုတ်ပြန်၍ ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats