စိုင်းသိင်္ခသူ
.
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စီစဉ်မှုဖြင့်
ကုလသမဂ္ဂ အထူးလေယာဉ်တစ်စီးသည် ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းက ဆေးပစ္စည်း အထောက်အပံ့များနှင့်
အကူအညီပေးရေးဝန်ထမ်း များကို တင်ဆောင်ကာ ရန်ကုန်မြို့မှ စစ်တွမြို့သို့ စတင်ပျံသန်းခဲ့ကြောင်း
သိရသည်။
.
.COVID-19 ကူးစက်ရောဂါ ထိန်းချုပ်မှုတစ်ရပ် အနေဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ်များအား
စက်တင်ဘာ လမှ စတင်၍ ခေတ္တရပ်နားထားခြင်းကြောင့် WFP ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
ပြည်တွင်း လေကြောင်းခရီးစဉ်ကို ပြန်လည်စတင်ပြေးဆွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်၊
.
ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့အကြား ဆက်သွယ်ထားသည့် ကုန်းလမ်း၊
ရေလမ်းများမှာ လတ်တလော သွားလာရန် ခက်ခဲသည့် အခြေအနေတွင် ရှိနေသည့်အတွက် ယင်းကဲ့သို့
လေယာဉ်ခရီးစဉ် ပြေးဆွဲခြင်း ဖြစ်သည်ဟု သိရသည်။
.
“WFP အနေနဲ့
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ
အားလုံးအတွက် အခုလို လေကြောင်းခရီးစဥ်တွေကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု
ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု WFP ၏
မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.
Stephen Anderson က
ပြောသည်။
.
“လိုအပ်ချက်ရှိတဲ့အပေါ်မှာမူတည်ပြီး
အခုလိုပြည်တွင်းလေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့
ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ COVID-19
တုံ့ပြန်မှုလုပ်ငန်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာ
ရှေ့တန်းကနေပါဝင်ကူညီကြမယ့်သူတွေကို လိုရာခရီးရောက်အောင် သယ်ယူပို့ဆောင်ပေး နိုင်ဖို့ဖြစ်ပါတယ်” ဟု Mr.
Anderson က ဆက်လက်ပြောဆိုခဲ့သည်။
.
WFP ၏
လေကြောင်းခရီးစဉ်တွင် လိုက်ပါသူခရီးသည်များသည် ခရီးစဉ်မတိုင်မီ
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် COVID-19 ဆေးစစ်မှုခံယူကြရပြီး၊
နိုင်ငံတော်အစိုးရက ချမှတ်ထားသော လေကြောင်းခရီးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့်
အသွားအလာကန့်သတ်မှု စည်းမျဉ်း စည်းကမ်းများကို ခရီးစဉ်အတွင်းနှင့် ခရီးစဉ်ပြီးဆုံးချိန်တွင်
အတိအကျ လိုက်နာကြရသည်ဟုသိရသည်။
.
ယခုလေကြောင်းခရီးစဥ်ကို ဥရောပသမဂ္ဂ European Civil Protection
and Humanitarian Aid Operations (ECHO) ၏
ဘဏ္ဍာငွေအထောက်အပံ့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပေါင်းစပ်ညှိနှိုင်းပေးမှု ဖြင့် စတင်ပြေးဆွဲနိုင်ခြင်းဖြစ်ကြောင်းသိရသည်။
.
ထို့အတူ အပြည်ပြည်ဆိုင်ရာ စီးပွားဖြစ်လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်းထားခြင်းကြောင့် WFP သည်
မေလအစောပိုင်းမှစတင်ကာ ရန်ကုန်၊ ဗီယန်ကျင်းနှင့်
ကွာလာလမ်ပူမြို့များကိုဆက်သွယ်သည့် အထူးလေကြောင်းခရီးစဉ်များကို
အပတ်စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံအတွင်းသို့ ဆေးပစ္စည်း
အထောက်အပံ့များနှင့် အကူအညီပေးရေးဝန်ထမ်းများအား ပုံမှန်သယ်ယူပို့ဆောင်ပေးလျက်ရှိသည်ဟု
သိရသည်။
.
WFP သည် COVID-19 တုံ့ပြန်မှုအထောက်အပံ့
တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အသွားအလာကန့်သတ်စောင့်ကြည့်မှုစင်တာများ၊ COVID-19 ကုသရေးဌာနများ
နှင့် နယ်စပ်ဂိတ်များ၌ ထမင်းဟင်းလျာ စားနပ်ရိက္ခာများကို
ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
.