ရှမ်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေ ၃၆ သိန်းကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေ ၃၆ သိန်းကျော် ရှိ

စုလှိုင်

.

လာမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်းရှိ မဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ စုစုပေါင်း ၃၆ သိန်းကျော် ရှိကြောင်း သိရသည်။

.

 


လက်ရှိ အောက်တိုဘာလ ၁ ရက်တွင် ကြေညာထားသည့် ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူမှာ ကျား ၁၇၈၀၉၄၉ ဦး၊ မ ၁၈၈၄၈၁၁ ဦး၊ စုစုပေါင်း ၃၆၆၅၇၆၀ ဦး ရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

.

“ဘယ်လောက် တိုးလာလဲ ဆိုရင် ကျား ၊ မ နှစ်ခု ပေါင်း မှာ ၁၂၀၇၈၁ တိုးလာတာပေါ့ ။ ဒုတိယအကြိမ်မှာ လာရောက် ကြည့်ရှုတဲ့သူတွေရဲ့ စာရင်းကတော့ အတည် မပြုနိုင်သေးဘူး။ မနေ့ကမှ စကပ်တာဆိုတော့ မရသေးဘူး။ ” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အလိုက် စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ စာရင်းကောက်ယူပြီးနောက် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်ထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပြီးနောက် အောက်တိုဘာလ ၁ ရက်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာထားခြင်း ဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူများ၊ အချက်အလက် မှားယွင်းမှုများ ရှိနေပါက ပြင်ဆင် ဖြည့်စွက်မှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

.

ထို့အတူ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ အနက် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ ဝန်ထမ်းကတ်များဖြင့် ဆန္ဒမဲ့ ပေးခွင့် ရရှိရေး ဆောင်ရွက်ထားကြောင်း သိရသည်။

.

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၁ ဦး အပါအဝင် နိုင်ငံရေးပါတီ ၃ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း  ၁၀၁၅ ဦးက ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်သည်။

.

Journal Download

Photo of three cats