ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွင် လက်ရှိကိုယ်စားလှယ်များ ပါဝင်လာခြင်းမှာ ပြည်သူက လက်ခံခြင်းကြောင့် ဖြစ်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွင် လက်ရှိကိုယ်စားလှယ်များ ပါဝင်လာခြင်းမှာ ပြည်သူက လက်ခံခြင်းကြောင့် ဖြစ်ဟု ဆို

ရှမ်းပြည်နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းတွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အများစု ထပ်မံ ပါဝင်လာခြင်းမှာ ပြည်သူက လက်ခံခြင်းကြောင့် ဖြစ်သည်ဟု ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဦးစိုင်းဇော်ဇော်ထံမှ သိရသည်။

.

“ လက်ရှိ ၂၀၁၅ လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၂၀ ရွေးကောက်ပွဲမှာ တော်တော်များများ ပါဝင်လာရခြင်း အကြောင်းအရင်းက ပြည်သူလူထုက သူတို့ကို လက်ခံတဲ့ အနေအထားမျိုး တွေ့ရတယ်ပေါ့။ ၂၀၁၅ မှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ အားလပ်ချိန်မှာ မဲဆန္ဒနယ်တွေကို ကွင်းဆင်းပြီးတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို တင်ပြ တောင်းဆိုနိုင်တာတွေ၊ ဆွေးနွေးနိုင်တာတွေကို တွေ့ရတာပေါ့။ ပြီးရင် ဒေသ လိုအပ်ချက်တွေကိုလည်း ကတိကဝတ်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီးတော့ နိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေကိုပဲ အများဆုံး ဦးစားပေးထားပါတယ်။” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဇော်က ပြောသည်။

.


လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလအတွင်း၌ ပြည်သူများ၏ ကျန်းမာရေးသည်သာ အဓိက ဖြစ်ပြီး ပါတီအောင်နိုင်ရေးသည် ဒုတိယ ဦးစားပေးဖြစ်ကြောင်းကိုလည်း ဦးစိုင်းဇော်ဇော်က ပြောဆိုခဲ့သည်။

.

“ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ပါတီအောင်နိုင်ရေးက ဒုတိယအချက် ဖြစ်ပါတယ်။ ပထမအချက်ကတော့ ပြည်သူလူထု တစ်ရပ်လုံး ရောဂါကူးစက်ခြင်းမှ ကင်းဝေးနိုင်ဖို့ ဖြစ်ပါတယ်။ ပြည်သူနဲ့ တွေ့ပြီး ဟောပြောတဲ့ အချိန်မှာလည်း ဒါကို အဓိက ထား ပြောပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ တစ်ခုတည်းနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို လျစ်လျူရှုဖို့ မလုပ်ဆောင်ပါဘူး။”ဟု ဦးစိုင်းဇော်ဇော်က ဆက်လက် ပြောဆိုသည်။

.

ရှမ်းပြည်နယ်တွင် တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၀၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ပြီး ယင်းအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တတိယအများဆုံး အဖြစ် ၁၅၂ နေရာတွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်သည်။

.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင် ရရှိ၍ အစိုးရ ဖွဲ့နိုင်ပါက COVID-19 နှင့် ပတ်သက်သည့် ကျန်းမာရေးကိစ္စအား အဓိကထား လုပ်ဆောင်၍ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အမြန်ဆုံး အကောင်အထည် ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး အနိုင် ရရှိခဲ့ပြီး လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးနေရာ ၃ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ တာဝန်များ အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌအဖြစ် ၂ နေရာတို့ကို ရရှိထားသည့် ပါတီ ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About