တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု မတူညီကြောင်း ပအမဖ ကိုယ်စားလှယ်လောင်း ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 22, 2020

တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု မတူညီကြောင်း ပအမဖ ကိုယ်စားလှယ်လောင်း ပြော

ဆိုင်းနှောင်

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုးတက်မှု ရှိသော်လည်း ဖွံ့ဖြိုးမှု မရှိသေးကြောင်း ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ပါတီမှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ခွန်စိုးမြင့်က ပြောဆိုခဲ့သည်။

.


 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို အပေါ်ယံ ကြည့်လိုက်မယ်ဆိုရင် တိုးတက်ပေမယ့် ဖွံ့ဖြိုးမှု မရှိသေးဘူးပေါ့။ ဖွံ့ဖြိုးတာနဲ့ တိုးတက်တာက တူ မနေဘူး။ ဖွံ့ဖြိုးတယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မျှမျှတတ ဖွံ့ဖြိုးတာ။ တိုးတက်တယ်ဆိုတာက အခြေခံအဆောက်အဦတွေ တိုးတက်လာပေမယ့် မဖွံ့ဖြိုးသေးဘူး။ ဥပမာ ဆေးရုံ၊ ဆေးပေးခန်းတွေ ရှိပေမယ့် ဆရာဝန်နဲ့ ဆေးဝါး မလုံလောက်ဘူး။ စာသင်ကျောင်းတွေ ရှိပေမယ့် အခြေခံ သင်ထောက်ကူ ပစ္စည်းနဲ့ ဆရာတွေ မလုံလောက်ဘူး စသဖြင့်ပေါ့ဟု ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း ခွန်စိုးမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ ဒေသတွင်းရှိ အဆောက်အဦများ တည်ဆောက်လာနိုင်ခြင်းမှာလည်း ပြည်ပသို့ သွားရောက် လုပ်ကိုင်ခြင်းနှင့် မြေယာများ ရောင်းချခြင်းမှ ရရှိသည့် ငွေကြေးဖြင့် တည်ဆောက်ခြင်းကသာ များပြားကြောင်း ၎င်းက ပြောဆိုခဲ့သည်။

.

တိုက်အိမ်တွေက ဘာဖြစ်လို့ ဆောက်နိုင်တာလဲ ဆိုတဲ့အဖြေကို ရှာကြည့်လိုက်တော့ စိုက်ပျိုးရေးကနေ ရရှိလာတဲ့ အကျိုးအမြတ်ကနေ တိုက်အိမ်ကို ဆောက်တာဆိုလို့ ၁၀၀ မှာ ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းက ဘယ်လိုကနေ ရလဲဆိုတော့ ပအိုဝ်းလူငယ်တွေ တော်တော်များများ နိုင်ငံခြား သွားကြတယ်။ တစ်ဖက်မှာလည်း မိရိုးဖလာတွေ ပိုင်ဆိုင်ထားတဲ့ မြေယာတွေကို ပိုင်းခြမ်းပြီးမှ ရောင်းပြီးတော့မှ ဆောက်သွားတဲ့ အပိုင်းတွေမှာ ရှိတယ်။ ဒါကို ကြည့်မယ်ဆိုလို့ရှိရင် တိုးတက်မှုအပိုင်းက ရှိပေမယ့်လည်း တကယ့်အမှန် ဖွံ့ဖြိုးတာက မဟုတ်ဘူး။”ဟု ခွန်စိုးမြင့်က ပြောသည်။

.

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် လာမည့် ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မဲဆန္ဒနယ်များ အပါအဝင် စုစုပေါင်း ၁၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About