မိုင်းကိုင် အပါအဝင် ဒေသအချို့တွင် ရွေးကောက်ပွဲ ပြုလုပ်ခွင့် ရရှိရေး တင်ပြသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းကိုင် အပါအဝင် ဒေသအချို့တွင် ရွေးကောက်ပွဲ ပြုလုပ်ခွင့် ရရှိရေး တင်ပြသွားမည်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အတွင်းရှိ မိုင်းကိုင်မြို့နယ် အပါအဝင် ဒေသအချို့၌ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခွင့် ရရှိရေးအတွက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြနိုင်ရေး စီစဉ်နေလျက် ရှိကြောင်း သိရသည်။

.

“ အခု ကျွန်တော်တို့ လုပ်နေပြီ၊ အခု ရက်ပိုင်းကို တင်ပြဖို့ လုပ်နေပြီ။ တင်ပြ ပြီးလိုက်ရင်တော့ ဟို (ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) က ဘယ်လို ဖြေလာမလဲတော့ မသိသေးဘူး။ အပေါ်ကလည်း လမ်းညွှန်ပါတယ်၊ ပြန် တင်ပြပါ၊ လုပ်နိုင်တယ်ဆိုရင် ပြန်တင်ပြပါဆိုပြီးတော့ လမ်းညွှန်လာတယ်။ ကျွန်တော်တို့ကလည်း ဒီနေရာတွေတော့ လုပ်လို့ရတယ်ဆိုပြီး ပြန်တင်ပြဖို့ လုပ်နေတာ။ အမြန် လုပ်ပြီးတော့ အမြန်တင်ပြဖို့ စီစဉ်နေပါတယ်။”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာချက်အမှတ် (၁၉၇/၂၀၂၀)ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းကိုင်မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ မြို့နယ်၊ မြို့နယ်အချို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၄၁ ခုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.


“ ဒီမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်မှတ်ရေးထိုး တောင်းဆိုတာပေါ့။ တစ်ဘက်ကလည်း SNLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်း မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ တောင်းခံပြီးတော့ ခရိုင်ကော်မရှင်ကို တောင်းဆိုတာတွေ ဆောင်ရွက်နေတယ်။ မိုင်းကိုင်မြို့နယ် တစ်ခုလုံးမှာ တည်ငြိမ်အေးချမ်းနေပါတယ်၊ ပြည်သူလူထုတွေလည်း ပုံမှန် သွား/လာ ဆောင်ရွက်နေပါတယ်။ အဖျက်/အမှောင့်လုပ်ငန်းတွေ၊ ခြိမ်းခြောက်ခံနေရတာတွေလည်း မရှိဘူး။” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းထွန်းအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မိုင်းကိုင်မြို့နယ် တစ်ခုလုံးတွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိပါက မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၅၅၀၀၀ ဦးကျော်ခန့် မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည် ဖြစ်သည့်အပြင် တိုင်းရင်းသားပါတီများ လွှတ်တော်အတွင်း ရောက်ရှိမည့် အခြေအနေကို အခက်အခဲ ဖြစ်သွားကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေသည့် နိုင်ငံ ဖြစ်သည့်အတွက် ရွေးကောက်ပွဲမှာ အဓိက အရေးကြီးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်၍ အစိုးရဘက်သို့ ရပ်တည်သော အဖွဲ့အစည်း မဖြစ်သင့်ကြောင်းကိုလည်း စိုင်းထွန်းအေးက ဆက်လက်ပြောဆိုခဲ့သည်။

.

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခု၊ မြို့နယ်အချို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၄၁ ခု အပါအဝင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၊ ဒေသအချို့တို့ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြီးနောက် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats