ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 17, 2020

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ

ကမ္ဘောဇတိုင်း

.

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) (နှင်းဆီပါတီ) အားနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ ညပိုင်းတွင် ကြေညာချက်အမှတ် (၁၉၈/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

ယင်း ထုတ်ပြန်ချက်တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက် အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅၀/၂၀၂၀) ဆုံးဖြတ်ချက်အရ UDP ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းကြောင်း ဖော်ပြထားသည်။

.

ထို့အတူ လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယင်း ညီညွတ်သောဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းကို ပယ်ဖျက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံ ထုတ်ပြန်ကြေညာထားသည်။

.

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်သည် လက်ရှိတွင် ထောင်ပြေးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရပြီး ၎င်းသည် တရုတ်နိုင်ငံမှ ငွေကြေး ၁၆ ဘီလီယံကို တရားမဝင် ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

.

ညီညွတ်သော ဒီမိုကရက်တစ်ပါတီသည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် တွင် ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုလည်း ဖြစ်သည်။

.

UDP ပါတီမှ ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၆ ဦး၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်နေရာ ၇ ဦး၊ စုစုပေါင်း ၁၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်းထားခဲ့ပြီး အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့် ဒေသအားလုံးတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် အမည်စာရင်း ပေးသွင်းထားခဲ့ကြောင်း သိရသည်။

.

ညီညွတ်သောဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်က အမှတ်စဉ် ၁၆ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်း မရှိသည့် နိုင်ငံရေးပါတီဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About