ကလောမြို့နယ်၊ ရေယားကျေးရွာ အနီးတွင် ကုန်တင်ယာဉ်များ ပိတ်မိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၊ ရေယားကျေးရွာ အနီးတွင် ကုန်တင်ယာဉ်များ ပိတ်မိနေ

ခွန်သန်းအောင်

.

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာလ ၂ ရက်)၊ နံနက်ပိုင်း အခြေအနေအရ ကုန်တင်ယာဉ် အစီးရေ ၁၀၀ ဝန်းကျင်ခန့် ပိတ်မိနေကြောင်း သိရသည်။

.

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ပြည်ထောင်စု လမ်းညွန်ချက် ၁၀ ပါ ဖြတ်သန်းခွင့် ပြုသည့် မော်တော်ယာဉ်များမှ အပ ရှမ်းပြည်နယ်အတွင်းသို့ လာရောက်သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အားလုံးကို အောက်တိုဘာလ ၁ ရက်မှ စတင်၍ ပိတ်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။

.

“ လုံးဝ ပိတ်လိုက်တာက မနေ့ည ၁၂ နာရီလောက်က စပြီး ပိတ်ပြီး ဒီမနက် ၆ နာရီလောက်မှာ ဖွင့်ပြီး ပြန်စစ်တာ၊ ပြန် လှည့်ပြန်တဲ့ကား၊ အတက်ရော၊ အဆင်းရောဆိုရင် ခန့်မှန်း ကားအစီးရေ ၃၀၀ ကျော်လောက် ရှိနိုင်မယ်။ ရောဂါပိုး မရှိကြောင်း ထောက်ခံချက် ပါမှပဲ လွှတ်တယ်။ ကျန်တဲ့ကား အကုန်လုံး မလွှတ်ဘူး။ သာမန် ထောက်ခံချက်နဲ့လည်း မရဘူး။”ဟု ဝက်ဖြူရေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

အဆိုပါ ယာဉ်အဝင်/အထွက် ပိတ်ခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကြိုတင် အကြောင်း မကြားဘဲ ပိတ်ခဲ့ခြင်းကြောင့် ယာဉ်မောင်းသူများမှ ပြစ်တင်ဝေဖန်မှု အချို့လည်း ရှိနေကြောင်း သိရသည်။

.

“ ကျွန်တော်တို့က ကျန်းမာရေးကိစ္စကို နားလည်တယ်။ အခု အမိန့်ထုတ်၊ အခု ပိတ်လိုက်လို့ လမ်းပေါ်မှာ ဒုက္ခ ရောက်နေကြရတာပေါ့။ ကုန်စည် စီးဆင်းမှု ရပ်သွားရင် အားလုံး ဒုက္ခ ရောက်ကုန်မှာ၊ လောလောဆယ် ကျွန်တော်တို့က ဒုက္ခ ရောက်နေတာပေါ့လေ။ အမိန့်ကို ကြို အကြောင်းကြား၊ အနည်းဆုံး ၂ ရက်၊ တစ်ပတ်လောက် ခွာမှ သိမှာပါ။”ဟု ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၃ဝ ရက်စွဲဖြင့် အောက်တိုဘာလ ၁ ရက်တွင် ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂ ပတ်အတွင်း ထုတ်ပေးထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း Negative ထောက်ခံချက် ပါရှိမှသာ ဝင်ရောက် ဖြတ်သန်းခွင့် ပြုရန်၊ ရှမ်းပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များ၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ထွက်ခွာခွင့်ကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ခေတ္တရပ် နားထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

.


 

ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းမှာ ကြိုတင် အကြောင်းကြားမှု မရှိဘဲ အချိန် နီးကပ်စွာ ထုတ်ပြန်ခြင်းနှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အနေဖြင့် COVID-19 ရောဂါ ကင်းရှင်းကြောင်း Negative ထောက်ခံချက် ရယူရေး မလွယ်ကူခြင်း စသည့် အခြေအနေများကြောင့် ကုန်တင်ယာဉ်များ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

ယင်း အခြေအနေများအား ဖြေရှင်းနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား COVID-19 ပိုး ရှိ/မရှိ rapid test kit များဖြင့် စစ်ဆေးနိုင်ရန် အရေးပေါ် စီစဉ်နေလျက် ရှိကြောင်းလည်း သိရသည်။

.

ရှမ်းပြည်နယ်ရဲ့ ပြဿနာ(ကုန်တင်ယာဉ်များ ရပ်တန့်ထားရခြင်း) ကို ပြည်​ထောင်စုဝန်ကြီး ဦးမင်းသူကို တင်ပြ​တော့ ဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ကုန်တင်ကားယာဉ်မောင်းများနဲ့​ နောက်လိုက်ရဲ့ ကျန်းမာ​ရေး စစ်​ဆေးမှုကို ကိုရီးယားနိုင်ငံထုတ်၊ MoHS အသိအမှတ်ပြု rapid test kit များနဲ့ စစ်​ဆေးပြီး ကုန်စည်စီးဆင်းမှုကို ရပ်တန့်မသွား အောင်​ ဆောင်ရွက်သွားပါမယ်။ test kit တွေကိုလည်း ဒီည (အောက်တိုဘာ ၁ ရက်) ပေးပို့လိုက်ပါပြီ။”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၎င်း၏ လူမှုကွန်ရက်ကတဆင့် ပြောဆိုထားသည်။

.

rapid test kit ဖြင့် COVID-19 ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လက်ရှိတွင် စတင် အသုံးပြု ဆောင်ရွက်နေပြီ ဖြစ်ကာ နာရီဝက်အတွင်း အဖြေ ရရှိသည်ဟု သိရသည်။

.

ရှမ်းပြည်နယ် အတွင်း၌ ‌မတ်လ ၃၀ ရက်နေ့မှ ယနေ့ (အောက်တိုဘာလ ၂ ရက်)ထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၉ ဦး တွေ့ရှိထားပြီး ယင်းအနက် ၁ ဦး သေဆုံး၍ ၂၀ ဦးမှာ ပြန်လည်သက်သာလာပြီး ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats