နန့်ပန်တက်ဂိတ်တွင် အထွက်ယာဉ်များအား စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ ညွှန်ကြားချက် မလိုက်နာသည့် ယာဉ်များအား အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

နန့်ပန်တက်ဂိတ်တွင် အထွက်ယာဉ်များအား စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ ညွှန်ကြားချက် မလိုက်နာသည့် ယာဉ်များအား အရေးယူမည်

မင်းဇော်မင်း

.

ရှမ်းပြည်နယ် နယ်စပ် ဖြစ်သည့် ကလောမြို့နယ်၊ န့်ပန်တက်တွင် ထားရှိသည့် COVID-19 စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်မှ အထွက်(အဆင်း) ယာဉ်များအား ကျန်းမာရေး စစ်ဆေးတော့မည် မဟုတ်ကြောင်းနှင့် ညွှန်ကြားချက်အား မလိုက်နာဘဲ အတားအဆီးများကို ဖယ်ရှား မောင်းနှင်သည့် ကုန်တင်ယာဉ်များအား သဘာဝဘေးဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ပြောသည်။

.


 

ယမန်နေ့ အောက်တိုဘာ ၁၂ ရက်၊ ည ၇နာရီကျော်ခန့်က နန့်ပန်တက်ဂိတ်တွင် ပိတ်မိနေသည့် ယာဉ်များအနက် စီးရေ ၁၀၀ ခန့်သည် အတားအဆီးများကို ဖယ်ရှားကာ ညွှန်ကြားချက်အား မလိုက်နာဘဲ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

.

အခု ၇ စီး ကလောရဲစခန်းမှာ ဖမ်းမိထားပြီ၊ အားလုံးကို စစ်ဆေးပြီး သဘာဝဘေးဥပဒေနဲ့ အမှုဖွင့် အရေးယူသွားမှာ ဖြစ်ပါတယ်။ မနက်ဖြန်ကြရင် အဆင်းကားတွေကို အေးသာယာနဲ့ ကလောမှာ ယာဉ်မောင်းဖြစ်တယ်ဆိုတဲ့ အထောက်အထားနဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ အမြဲ စစ်ပေးမယ်။ စစ်ပြီးရင် ကြိုက်တဲ့အချိန် ထွက်၊ နန့်ပန်တက်မှာ အဆင်းကို မပိတ်တော့ဘူးပေါ့။ နန့်ပန်တက်မှာ အတက်ကိုပဲ စစ်တော့မယ်။ Curfew အရ ည ၁၂ နာရီတော့ ပိတ်ရမှာပဲ။ ဘယ်သူမဆို ပိတ်ရမှာပေါ့။” ဟု ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်သို့ ဝင်ရောက်မည့် (အတက်) မော်တော်ယာဉ်များအနေဖြင့် နံနက် ၆ နာရီမှ ည ၆ နာရီထိ ဆေးစစ်ပေးမည်ဖြစ်ပြီး စစ်ဆေးပြီး Negative ဖြစ်သူများအား ည ၈ နာရီထိ ဝင်ရောက်ခွင့် ပြုမည် ဖြစ်ကြောင်းနှင့် ယမန်နေ့ ညက ကုန်တင်ယာဉ်မောင်းများမှ ဂိတ်တာဝန် ကျသူများအား မချေမငံ ပြောဆို၍ ဂိတ် အတားအဆားများကို ဖယ်ရှား မောင်းနှင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝက်ဖြူရေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

.

 

“ ဂိတ်မှာ အရပ်သား ၁၀ ယောက်နဲ့ ရဲတပ်ဖွဲ့ ၅ ယောက်ပဲ ရှိတာ အဲဒါကို ကားသမား တစ်ဦးက ပစ်ချင် ပစ် ဖြတ်တယ်ကွာလို့ ပြောပြီး အတားအဆီးတွေကို ခြေထောက်နဲ့ ကန် ဖယ်ပြီး ကားတွေက ဟွန်းတွေ တီးပြီး ဖြတ်ကြတာမဖြစ်ခင် ကျွန်တော်က နာရီဝက်လောက် စောင့်ပါ၊ အထက်ကို မေးပေးပါ့မယ် ဆိုတာကို နားမထောင်ကြတော့တာ။” ဟု နန့်ပန်တက်ဂိတ်တာဝန်ကျနေသည့် ဝက်ဖြူရေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

.

ယင်းကဲ့သို့ ညွှန်ကြားချက်အား ဖောက်ဖျက်၍ မောင်းနှင်ခဲ့သည့် ကုန်တင်ယာဉ် ၁၀၀ ကျော်အနက် ၆၀ ကျော်၏ ယာဉ်နံပါတ်များကို မှတ်သားထားသဖြင့် လိုက်လံ ရှာဖွေနေခြင်း ဖြစ်ကာ ယင်းအနက် ကုန်တင်ယာဉ် ၇ စီးကို ဖမ်းဆီး ကလောမြို့မရဲစခန်း၌ သဘာဝဘေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၁၃ ရက်မှ စတင်၍ ခရီးသည်တင်ယာဉ်များပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်၍ ကုန်တင်ယာဉ်အဖြစ် အသုံးပြုနေသည့် ယာဉ်များ အားလုံးကို ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ခွင့် မပြုတော့ကြောင်းလည်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About