မိုင်းပန်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် Total Station မြေတိုင်းစက်များဖြင့် ကွင်းဆင်း တိုင်းတာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းပန်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် Total Station မြေတိုင်းစက်များဖြင့် ကွင်းဆင်း တိုင်းတာ

မင်းဇော်မင်း

.

လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ နမ့်တိန်းကျေးရွာအုပ်စု၊ လွိုင်နွဲ့ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် Total Station မြေတိုင်းစက်မျာဖြင့် ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် မိုင်းပန်မြို့နယ်အတွင်း ကျေးရွာ ၃ ရွာရှိ ဒေသခံပြည်သူများအတွက် လူနေထိုင်ရန် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးလုပ်ငန်း အနေဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရှိ ဝန်ထမ်းများမှ Total Station မြေတိုင်းစက်များဖြင့် ကွက်ကြဲ၊ ကွက်စိတ် တိုင်းတာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ကွင်းဆင်းတိုင်းတာနေမှုအခြေအနေအား နေမှုအခြေအနေအား လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးလင်းအေးချမ်းမောင်မောင်၊ မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးတင်ကိုလတ်နှင့် အဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

.

COVID-19 ကာလမှာ လူထုကို အထိအတွေ့အနည်းဆုံးဖြစ်အောင်နဲ့ အချိန်တိုကာလအတွင်းရရှိအောင် လုပ်ဆောင်ပေးနေတာပါဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ကပြောသည်။

.

ထုတ်ပေးသည့်ဂရန်မှာ နှစ် ၃၀ ဂရန်ဖြစ်ပြီး သားစဥ်မြေးဆက်ပိုင်ဆိုင်မှုခိုင်မာမှု၊ ဥပဒေဆိုင်ရာ အငြင်းပွားမှု၊ ငွေကြေးဆိုင်ရာ အာမခံမှုတို့အတွက် အလွန်လိုအပ်သဖြင့် လူထုအမှန်တစ်ကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

.

အဆိုပါကျေးရွာ ၃ ရွာအနက် ပထမဦးစားပေးအဖြစ် လွိုင်နွဲ့ကျေးရွာ၊ အိမ်ခြေ ၉၂ အိမ်၊ အိမ်ထောင်စု ၉၂ စု၊ ဒုတိယ ဦးစားပေးအဖြစ် ကုန်းကျိုင်းကျေးရွာ၊ အိမ်ခြေ ၁၄၉ အိမ်၊ အိမ်ထောင်စု ၁၄၃ စု နှင့် တတိယဦးစားပေးအဖြစ် နမ့်တိန်း ကျေးရွာ၊ အိမ်ခြေ ၆ဝ အိမ်၊ အိမ်ထောင်စု ၆ဝ စုတို့အား လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ပြည်သူများထံသို့ ကျေးရွာ မြေငှားဂရန်များ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

 မိုင်းပန်မြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့ပေါ် ရပ်ကွက် ၃ ရပ်ကွက်အတွက် နှစ်ရှည်မြေငှားဂရန် ၁၂၀ ခု ထုတ်ပေးခဲ့ပြီး ယခု ထပ်မံ၍ ၄၂ ခု ထုတ်ပေးရန် စီစစ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats