ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို လက်ခံကြောင်း TNP ပါတီ တာဝန်ရှိသူ ပြောဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 27, 2020

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို လက်ခံကြောင်း TNP ပါတီ တာဝန်ရှိသူ ပြောဆို

ကိုစိုး (ကမ္ဘောဇတိုင်း)

.

လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ကို လက်ခံကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ တာဝန်ရှိသူ ဦးမိုင်းအုဏ်းခိုင်က ပြောဆိုခဲ့သည်။

.

.

“တအာင်း (ပလောင်) အမျိုးသားပါတီ အနေနဲ့ မိုင်းကိုင်မှာ မဲဆွယ်စည်းရုံးခွင့် မရခဲ့ဘူး။ ပညာပေးတာ တွေလည်း မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် UEC ရဲ့ ကြေညာချက်ကို ကျွန်တော်တို့ လက်ခံပါတယ်” ဟု ဦးမိုင်းအုဏ်းခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ရွေးကောက်ပွဲကျင်းပခွင့်မရသော ရှမ်းပြည်နယ်အတွင်းရှိ ကျန် မြို့နယ်များမှ အုပ်စုများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်နှင့် ပတ်သက်၍ ပြန်လည်စိစစ်ပေးရန်ကိုလည်း တင်ပြထားကြောင်းနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက်လည်း မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။

.

တအာင်း (ပလောင်) အမျိုးသားပါတီသည် မိုင်းကိုင်မြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၉  ခုနှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်များရှိ မဲဆန္ဒနယ် ၃၆ ခုတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်းထားခြင်းဖြစ်သည်။

.

မိုင်းကိုင်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခုနှင့် အခြားမြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စု အချို့တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာချက်အမှတ် (၁၉၇/၂၀၂၀) ဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး မိုင်းကိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ တစ်သောင်းကျော်ကမူ ရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် ပြန်လည်သုံးသပ်ပေးရန် လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ အောက်တိုဘာလ ၁၈ ရက်က တင်ပြထားခဲ့သည်ဟု သိရသည်။

.

TNP အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိပါက ဒေသတွင်း အဓိကလိုအပ်ချက်ဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းများကို ပထမဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမိုင်းအုဏ်းခိုင် ထံက သိရသည်။

.

တအာင်း(ပလောင်) အမျိုးသား ပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အ ထွေထွေ ရွေးကောက်ပွဲက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ၇ နေရာ ရရှိထားသည့် နိုင်ငံ ရေးပါတီတစ်ခုဖြစ်ကာ ရှမ်းပြည်နယ် လွှတ်တော် အတွင်း၌လည်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်ပါတီတို့၏ နောက်တွင် စတုတ္ထ အင်အား အကြီးဆုံး ပါတီ တစ်ခုလည်း ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About