စိုင်းမျိုးမြတ်
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ ၏ အမည်စာရင်းကို ယနေ့ အောက်တိုဘာလ ၁ ရက်မှ စတင်၍ သက်ဆိုင်ရာ
မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားသော်လည်း
လာရောက်ကြည့်ရှုသူ နည်းပါးနေသေးသည်ဟု သိရသည်။
.
.အဆိုပါ မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကို ပြီးခဲ့သည့်
ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၈ ရက်အထိ ပထမ အကြိမ်အဖြစ် ကပ်ထားကြေညာခဲ့ပြီးဖြစ်ကာ ယခု ဒုတိယအကြိမ်
ပြင်ဆင်ဖြည့်စွက်ချက် မဲစာရင်းများကို အောက် တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ ကပ်ထားကြေညာခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဒီနေ့မှ စကပ်တာဆိုတော့ လူမရှိသေးဘူး။ ညနေပိုင်းမှ ကားနဲ့ လှည့်ပြီး
ကြေညာပေးမယ်။ နောက်ရက်တွေ ဆိုရင် တော့ လူများလာမယ်။ နယ်မြေအလိုက်လည်း ကပ်ထားဖို့ ရှိပါမယ်။
တချို့ ရာအိမ်မှူးတွေက လာယူပြီးပြီ၊ တချို့က မလာသေးဘူး။ ကျွန်တော်တို့ ရပ်ကွက်မှာ နယ်မြေ
၁၃ ခုရှိပြီး တချို့နယ်မြေတွေက တောင်/မြောက် ခွဲထားတာ ဆိုတော့ ၁၅ ခုလောက် ရှိပါမယ်။
မဲရုံက ၁၄ ခု ခွဲထားပါတယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးမှ
ရာအိမ်မှူး ဦးတင်ရင် (ခ) ဦးရွှေဝက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းများကို
လစဉ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း ဆောင်ရွက်လျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများမှ
မိမိတို့အမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည် ထည့်သွင်းပေးရန် တောင်းဆိုနိုင်ကာ
မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ကြောင်းနှင့် မဲဆန္ဒရှင်
စာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄) (ဂ) ဖြင့် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း
UEC က ထုတ်ပြန်ကြေညာ ထားသည်။
.
“ဒီမနက် လာကြည့်တဲ့သူတော့ အများကြီးမရှိဘူး။ သို့သော် စာရင်းကျန်ခဲ့တဲ့သူ
တချို့တော့ စိတ်ဝင်တစား လာကြည့် ကြတယ်။ တချို့က ရွှေ့ပြောင်းတွေ များတယ်။ ရပ်ကွက်သားတွေကလည်း
မနေ့ညကမှ ကြေညာတာဆိုတော့ မသိ ကြဘူး။ ကျွန်တော်တို့ကတော့ တခြားရပ်ကွက်လို နယ်မြေအလိုက်ကပ်ဖို့
အစီအစဉ် မရှိပါဘူး။ အခု ဒုတိယအကြိမ် ကပ်တာမှာတော့
မဲဆန္ဒရှင်တွေ သတိထားလာတယ်။ စိတ်ဝင်စားမှု နည်းနည်း ပိုများလာတယ်” ဟု တောင်ကြီးမြို့၊
ရွှေတောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်အောင်ထူးကလည်း ပြောဆိုခဲ့သည်။
.
အချိန်၊ ကာလ၊ ဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးညွှန်ကြားချက်များနှင့်
အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် စာရင်း လာရောက်ကြည့်ရှုရန် အခက်အခဲ ဖြစ်ပေါ်နေသူများကိုလည်း
အွန်လိုင်းမှတစ်ဆင့် မဲဆန္ဒရှင် စာရင်း ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး စက်တင်ဘာလ
၄ ရက်အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းလ်ဖုန်း အပလီကေးရှင်းမှလည်း
ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
.