စုလှိုင်
.
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်၊
နေ့လယ်ပိုင်းက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)မှ အင်အားပြ
စည်းရုံးမဲဆွယ်သည့် မော်တော်ယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
![]() |
Photo - Nan Aye Moe |
.
“ကံကြီးရပ်ကွက် နားမှာ ကားပေါ်က ပြုတ်ကျတာရှိတယ်။
ဆိုင်တစ်ဆိုင်ရှေ့မှာ လှမ်းမေးလိုက်တော့ ကားပေါ်က ပြုတ်ကျပြီး ခဏ သတိလစ်သလို
ဖြစ်တာပေါ့။ အဲဒါကြောင့် ဆေးခန်းသွားပြမယ် ဆိုပြီးလုပ် တော့ ပြန်ကောင်းသွားတယ်။ အခုတော့
သူ့အဖွဲ့နဲ့ သူ ရွာပြန်သွားတယ်လို့ ပြောတယ်။ အသက်အန္တရာယ် တော့ မစိုးရိမ်ရဘူး
ပြောတယ်။ သူအဖွဲ့ တွေ အားလုံး ပြန်ခေါ်သွားတယ်။ ကျောက်တလုံးကြီး ရဲ့ အောက်ဘက်က
ရွာကပါ။ အမှုဖွင့်တာ မရှိပါဘူး” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်ပါတီမှ
စောခွန်ကျော်ဝင်း က ကမ္ဘောဇတိုင်း သို့ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်း
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ လူအင်အား ၁၀၀၀၀ ကျော်ဖြင့်
မဲဆွယ် အင်အားပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် ညနေပိုင်းက ဆီဆိုင်မြို့နယ်၊
ဘန်းယဉ်ကျေးရွာအနီးတွင် PNO ပါတီ၏ မဲဆွယ်စည်းရုံးရေး အင်အားပြ
ယာဉ်တစ်စီး ရှေ့ဘီးပေါက်၍ တိမ်းမှောက်ကာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ယင်းနေ့ ညပိုင်းတွင်ပင်
ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်၌ PNO ပါတီ မဲဆွယ်စည်းရုံးရေးမှ ပြန်လာသည့်
မော်တော်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍
တောင်ကြီးမြို့မရဲစခန်းနှင့် အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးသို့
ဆက်သွယ်မေးမြန်းရာတွင် အမှုဖွင့်လှစ်ထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
No comments:
Post a Comment