ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနက် ရှမ်းပြည်နယ်အတွင်းရှိ အသက် ၆၀ နှစ်အထက်
မဲဆန္ဒရှင်များ ယနေ့ အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု
ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သိရသည်။
.
.“အသက် ၆၀ နှစ်အထက်တွေ စတင်ပေးနေတာပါ။ အသက် ၆၀ အောက် နေမကောင်း/မကျန်းမာရင်တော့
သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးမှာ ဆက်သွယ်ပြီးတော့ ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်တဲ့ရက်မှာ
လာပေးပေါ့။ ဒါမှမဟုတ် လုံးဝ မသွားနိုင် မလာနိုင်ရင်တော့ လာကောက်ပေးမှာပေါ့။ သူ့ရဲ့
မိသားစုဝင် တစ်ဦး ကတော့ ရပ်/ကျေးကော်မရှင်ရုံးမှာ ကြိုပြီး အကြောင်းကြားရမှာပေါ့” ဟု
ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အပြင် ကျန်းမာသန်စွမ်းပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်း
နေထိုင်သူဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်တွင် အကြောင်းကြောင်းကြောင့်
မအားလပ်သဖြင့် မဲရုံသို့ ကိုယ်တိုင် လာရောက်၍ မဲမပေးနိုင် သူများအနေဖြင့်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်
ရရှိရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး
အမှန်တကယ် ကြိုတင်ဆန္ဒမဲပေးရန် လိုအပ်သူဖြစ်ကြောင်း အထောက်အထားများ လိုအပ်မည်ဖြစ်သည်ဟု
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒနယ်အတွင်း
ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ လာရောက်ဆန္ဒမဲ မပေးနိုင်သော
မဲဆန္ဒရှင်ပြည်သူများသည် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အတွင်း လည်းကောင်း၊
ဆေးရုံတက်ရောက် နေသူများ၊ အချုပ်ခံနေရသူများနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်
မိမိမဲဆန္ဒနယ်ကို ကျော်လွန်၍ နိုင်ငံတော် တာဝန်ဖြင့် ခရီးသွားလာနေသူများသည်
အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်အတွင်း လည်းကောင်း၊ COVID-19 ကပ်ရောဂါ
ကာကွယ်ထိန်းချုပ်ရေးအတွက် Stay Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် လူဦးရေ
ထူထပ်သော မြို့နယ်များတွင် နေထိုင်သော အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊
ကျန်မြို့နယ် များတွင် နေထိုင်သည့် အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine ဝင်ရောက်နေသူ
မဲဆန္ဒရှင် ပြည်သူများသည် အောက်တိုဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၇ ရက်အတွင်း လည်းကောင်း
ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း
မြို့နယ် ၅၅ မြို့နယ် ရှိသည့်အနက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ၄
မြို့နယ်၊ ကျိုင်းတုံခရိုင်မှ မိုင်းလားမြို့နယ်၊ လွိုင်လင်ခရိုင်မှ
မိုင်းကိုင်မြို့နယ်နှင့် မြို့နယ်အချို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၁၃၈ ခုတို့မှ
အပ ကျန်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.