အဝေရာမီးပုံးပျံကွင်းအား ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် ကြန့်ကြာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 16, 2020

အဝေရာမီးပုံးပျံကွင်းအား ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် ကြန့်ကြာနေ

ဆိုင်းနှောင်

.

COVID-19 ကပ်ရောဂါ ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းအား ယာယီ ပျံကျဈေး အဖြစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော်လည်း တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ရှိနေခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။.

.


.

“တိုင်းမှူးက ဒီကိစ္စကို ပထမအစည်းအဝေးမှာကတည်းက ခွင့်ပြုပြီးသား ဆိုပေမဲ့ အထက်က ကုန်စိမ်းဈေးသစ်ကြီး တည်မယ်လို့ ထင်တဲ့အခါကျတော့ ခွင့်မပြုတော့တာပါ။ တပ်မတော်ဘက်ကလည်း ခွင့်မပြုဘူးလို့ ပြောနေတာတွေ ရှိတယ်။ လောလောဆယ် ညှိနှိုင်းနေပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

COVID-19 ရောဂါ ကူးစက်မှုသည် ဈေးသည်များနှင့် အနီးကပ်ဆုံးဖြစ်သည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ် နောက်လိုက်များတွင် အများဆုံး တွေရှိနေရသည့်အတွက် ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရန် ယင်းကဲ့သို့ အဝေရာမီးပုံးပျံကွင်းကို ယာယီပျံကျဈေးအဖြစ် ဖော်ဆောင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မူလက အောက်တိုဘာလ ၉ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော်လည်း ယနေ့ အောက်တိုဘာလ ၁၆ ရက်အထိ ဖွင့်လှစ်နိုင်ခြင်း မရှိ သေးကြောင်း သိရသည်။

.

“ဈေးသည်တွေက အဝေးကနေ လာရောင်းတဲ့အခါ ကုန်တင်ကုန်ချ အခက်အခဲရှိတယ်။ နောက်ပြီး ဒီကွင်းထဲမှာ စုပြုံ ရောင်းချမယ့်အစား မူလဈေးတွေမှာပဲ စည်းကမ်းတကျ ပြန်ရောင်းရင် ပိုကောင်းမလားလို့ စဉ်းစားမိတယ်။ ဖွင့်ပြီးမှ ဈေးသည်တွေ အဆင်မပြေလို့ ပြန်ပိတ်ရရင် မကောင်းဘူးပေါ့” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကလည်း ပြောဆိုခဲ့သည်။

.

ထို့အတူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ယာယီပျံကျဈေး ၃ ခုကိုလည်း ပြည်ထောင်စုလမ်းမကြီးဘေး၊ အေးသာယာ ရုပ်ရှင်ရုံအနီးရှိ ၅ ဧက ကျယ်ဝန်းသော ကွင်းအတွင်း ပြောင်းရွှေ့၍ စနစ်တကျ ရောင်းချနိုင်ရန် ဆောင်ရွက်ထားရှိထားပြီး ဖြစ်သော်လည်း လက်ရှိတွင် ဈေးသည်များနှင့် ယင်း ယာယီပျံကျဈေး အနီးဝန်းကျင် မှ ဒေသခံများအတွက် အဆင်မပြေမှုအချို့ ရှိနေကြကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About