ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်မချင်း၊ ရာနှုန်းပြည့်
ဒီမိုကရေစီ မရမချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရဲရဲသာ တာဝန်ပေးပါဟု တောင်ကြီးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရှမ်းပြည်နယ်အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်လွင်က
ပြောဆိုခဲ့သည်။
.
.ဦးစိုးညွန့်လွင်က ယနေ့ အောက်တိုဘာလ၁၉ ရက်၊ နေ့လယ်ပိုင်းက သတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာကတော့ လွတ်လပ်ပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်မချင်း၊ ရာနှုန်းပြည့် ရွေးကောက်ပွဲ မဖြစ်မချင်း၊ ရာနှုန်းပြည့်
ဒီမိုကရေစီ မရမချင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရဲရဲကြီး တာဝန်ပေးပါလို့ ပြောချင်ပါတယ်”
ဟု ဦးစိုးညွန့်လွင်က ပြောဆိုခဲ့သည်။
.
ထို့အပြင် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးသည်လည်း အရေးကြီး ကြောင်း၊ စနစ်တစ်ခုကို ပြောင်းလဲနိုင်ရေးအတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး သည်လည်း အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
NLD ပါတီသည် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌
ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၄၆ နေရာ၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၁
နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် ၉၂ နေရာ၊
တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ၇ နေရာ၊ စုစုပေါင်း ၁၅၆ နေရာတွင်
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment