တောင်ကြီးတွင် ရှမ်းအစိုးရ၏ လမ်းညွှန်ချက်ဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 6, 2020

တောင်ကြီးတွင် ရှမ်းအစိုးရ၏ လမ်းညွှန်ချက်ဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

အောင်ဆန်း

.

မြို့တော် တောင်ကြီးတွင် ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ယနေ့ အောက်တိုဘာလ ၆ ရက်မှ စတင်၍ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများထံသို့ ရောင်းချပေး နေပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန နှင့် သတ်မှတ်ထားသော ရှမ်းပြည်နယ် ဆန်စပါးအသင်းဝင် ဆိုင်များ တွင် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်မည် ဖြစ်သည်ဟု သိရသည်။

.

Photo - U Min Aung
.

COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကာ ဧည့်မထဆန် တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆားတစ်ပိဿာလျှင် ၁၂၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားသုံးဆီ ၅၀ ကျပ်သား လျှင် ၉၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ဒီနေ့ (အောက်တိုဘာ ၆ ရက်) ကစပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားတွေကို ရုံးဖွင့်ချိန် မနက် ၉ နာရီခွဲ ကနေ ညနေ ၅ နာရီခွဲအထိ ရောင်းချပေးနေပါတယ်။ ဘယ်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပါတယ်။ တခြား ထောက်ခံချက်တွေ မလိုအပ်ပါဘူး” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ အခြေခံစားသောက်ကုန်များကို ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံး အပြင် တောင်ကြီးမြို့နယ် အတွင်းရှိ ရှမ်းပြည်နယ် ဆန်စပါး အသင်းဝင် ဆန်ဆိုင်များဖြစ်သော ဦးဝင်းမောင်ဆန်ဆိုင်၊ မိဘဂုဏ်ရည်ဆန်ဆိုင်၊ ရွှေကလောင် ဆန်ဆိုင်၊ မိုင်းပွန်ဆန်ဆိုင်၊ လှရတနာဆန်ဆိုင်၊ တိုင်းရင်းသားဆန်ဆိုင်နှင့် ရွှေဧရာဆန်ဆိုင်တို့တွင်လည်း ဝယ်ယူရရှိ နိုင်မည်ဖြစ်ကြောင်း သိရသည်။

.

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရှမ်းပြည်နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကုလားပဲ စသည့် အခြေခံစားသောက်ကုန်များကို ဝယ်ယူစုဆောင်းထားရှိ ထားပြီး ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ကုန်သည်များနှင့်လည်း ညှိနှိုင်းထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About