မည်သည့်နည်းနှင့်မဆို လူစုလူဝေးပြုလုပ်ခြင်းကို လက်မခံနိုင်ကြောင်း ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မည်သည့်နည်းနှင့်မဆို လူစုလူဝေးပြုလုပ်ခြင်းကို လက်မခံနိုင်ကြောင်း ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ပြောကြား

ဆိုင်းနှောင်

.

လက်ရှိကာလသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလ ဖြစ်သောကြောင့် မည်သည့်နည်းနှင့် မဆို လူစုလူဝေး ပြုလုပ်ခြင်းကို လက်မခံနိုင်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ပြောကြားခဲ့သည်။

.

.

“ကျွန်မတို့အနေနဲ့က မဲဆွယ်တာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူစုလူ‌ဝေးဖြစ်တဲ့အတွက် လုံးဝခွင့်ပြုလို့ မရဘူး။ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူလို့ရတယ် ဆိုတာလည်း ပြောထားတယ်။ တစ်ဘက်က ကြည့်ရင် လည်း အရေးယူပြန်တော့ ဟိုပါတီကျယူတော့ယူတယ်၊ ဒီပါတီကျတော့ မယူဘူး ဖြစ်ပြန်ရော။ ဒါပေမဲ့ ကျွန်မတို့ ကျန်းမာရေးဌာနအနေနဲ့တော့ မဲဆွယ်တာ အပါအဝင် ဘယ်ကိစ္စမှ ခွင့်မပြုချင်ဘူး”  ဟု ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့၊ ကမ္ဘောဇလူငယ် စာကြည့်တိုက်မှ အစီစဉ် ညှိနှိုင်းရေးမှူး ဒေါ်မေနှင်းကျော်ကလည်း လူစုလူဝေးဖြင့် အင်အားပြခြင်းသည် မဲဆွယ်ရာမရောက်ဘဲ ရောဂါပိုမိုဖြစ်ပွားစေသည့် အနေထားဖြစ်နေသည်ဟု ၎င်း၏အမြင်ကို ပြောဆိုထားသည်။

.

လာမည့် အောက်တိုဘာလ ၃၁ ရက်၊ သီတင်းကျွတ်လပြည့်ညတွင် မြို့တော်တောင်ကြီး၌ လူစုလူဝေးဖြင့် မီးပုံးပျံ လွှတ်တင်ရန် အစီအစဉ်ကိုလည်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က သဘောမတူသဖြင့် ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

.

“မီးပုံးပျံကိစ္စလည်း ခွင့်မပြုသင့်ဘူးပေါ့။ ရှမ်းပြည်မှာ နည်းတယ် ပြောတာတောင် စစ်ရင် တွေ့နေတာပဲလေ။ ဒီထက်ပိုများလာရင်တော့ ဘယ်လိုမှလည်း ထိန်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စကလည်းလုံးဝ မလုပ်သင့်ဘူးလို့ ထင်ပါတယ်” ဟု ဒေါက်တာသူဇာချစ်တင်က ဆက်လက်ပြောဆိုခဲ့သည်။

.

“COVID-19 နဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရက ဖေဖော်ဝါရီ လဆန်းလောက်ကတည်းက ကြိုတင်ကာကွယ်ရေး တွေ လုပ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကုန်တင်ယာဉ်မောင်း/ယာဉ်နောက်လိုက်တွေကတစ်ဆင့် ကူးစက်မှု များလာတဲ့အတွက် ဂိတ်တွေ တိုးချဲ့ဖွင့်ပြီး Test Kit နဲ့ စစ်တာကို လုပ်ဆောင်နေပါတယ်။ ထောက်ခံချက်တွေ စစ် တာမျိုး၊ Quarantine ထားတာမျိုး လုပ်နေပါတယ်။ အစုလိုက်အပြုံလိုက် ဖြစ်တာမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ်မှာ စစ်ဆေးတဲ့အပိုင်းကတော့ ခက်ခဲမှုရှိပါတယ်။ တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်နေပါ တယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်၊ ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၄၆၂၀၀ ဦး ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ၁,၁၂၂ ဦး သေဆုံး၍ ၂၆,၀၀၇ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats