SNLD အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 27, 2020

SNLD အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းနေဟု ဆို

စိုင်းသိင်္ခသူ

.

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပင်လုံစာချုပ်နှင့် ၁၉၆၁ ခုနှစ် ပြည်ထောင်စု စစ်စစ်မူတို့ကို အခြေခံ၍ ရပ်တည် ကြိုးပမ်းနေကြောင်း SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးက ပြောဆိုခဲ့သည်။

.

“ SNLD ပါတီဟာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့် ရရှိဖို့ ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်များ၊ ၁၉၆၁ ခုနှစ် ပြည်နယ် ပေါင်းစုံညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့တဲ့ ပြည်ထောင်စု စစ်စစ် မူအပေါ် အခြေခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရပ်တည်ကြိုးပမ်းခဲ့ပါတယ်။ ယခုလည်းပဲ တိုးမြှင့် ကြိုးပမ်းနေပါတယ်။ ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ဆက်လက် ကြိုးပမ်းတိုက်ပွဲ ဝင်ကြဖို့လည်း လိုအပ်ပါတယ်ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

.

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သော ပါတီ တည်ထောင်ခြင်း ၃၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အွန်လိုင်းမှ တဆင့် ပြောကြားခဲ့သည့် ရုပ်သံမိန့်ခွန်းအတွင်း ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

[ Photo - SNLD ]

SNLD ပါတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်မီ ကတည်းက စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အမြဲတမ်း ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အစအဆုံး ပြန်လည်ပြုပြင် ရေးဆွဲရမည့် တာဝန်တစ်ရပ် တိုးပွားလာသဖြင့် နဂိုရှိရင်းစွဲ စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် လူမျိုးကြီးဝါဒ ပပျောက်ရေးတို့ကိုလည်း ဆက်လက်ဆင်နွှဲနေရကြောင်းကိုလည်း SNLD ဥက္ကဌက ပြောဆိုခဲ့သည်။

.

ဒါကြောင့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာ နှစ်ရပ်လုံး ခိုင်မာ အားကောင်းစေဖို့ လိုအပ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ရာခိုင်နှုန်း မြင့်မြင့်မားမား အောင်မြင်မှု ရရှိအောင် ကြိုးပမ်းရမှာ ဖြစ်သလို နိုင်ငံရေး ဝမ်းစာ ပိုမို ပြည့်၀အောင် ကြိုးပမ်းဖြည့်ဆည်းကြဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်ကြီးထွားပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တစ်ရပ် တည်ဆောက်နိုင်ဖို့ဆိုရင် ပြည်ထောင်စုရဲ့ မျိုးဆက်သစ်များဟာ ပြည်ထောင်စုရဲ့ လာရာလမ်းကို ကျေညက် နားလည်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသား လူမျိုးတွေ စုပေါင်း ပိုင်ဆိုင်တဲ့ ဒီပြည်ထောင်စုကြီး လွတ်လပ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ပြည်ထောင်စုကြီးရဲ့ ဘုံမျှော်လင့်ချက်၊ ပြည်ထောင်စုရဲ့ စံတန်ဖိုးနဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအခြေခံမူကို စုပေါင်း ချမှတ်ကြရမှာ ဖြစ်ပါတယ်။ ဒီပြည်ထောင်စုကြီးကို စုပေါင်း ဆောင်ရွက်တဲ့ စနစ်နဲ့ ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက်နိုင်မှာ ဖြစ်သလို ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးကို  အာမခံနိုင်မှာ ဖြစ်ပါတယ်ဟု ခွန်ထွန်းဦး ဆက်လက် ပြောဆိုခဲ့သည်။

.

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပါတီကိုယ်စားလှယ်လောင်း ၁၃၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၀ တွင် အနိုင် ရရှိခဲ့သည့် ပါတီ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats