ဆိုင်းနှောင်
.
လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်အား ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်
မြို့နယ်အဖြစ် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခြင်းကို အံ့ဩမိကြောင်း
ရှမ်းတိုင်းရင်းသားများဒီမိုရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်
(၇) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းဝင်းအေး (ခ) စိုင်းထွန်းအေး က ပြောဆိုခဲ့သည်။
.
.
ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့်
နယ်မြေများ မဲဆန္ဒနယ်မြေများကို ကြေညာချက်အမှတ် (၁၉၇/၂၀၂၀) ဖြင့် အောက်တိုဘာ ၁၆
ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့ရာ ယင်း
ကြေညာချက်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်၊
မိုင်းမော၊ ပန်ဝိုင်မြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းလားမြို့နယ်တို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြု
ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မိုင်းကိုင်မြို့နယ်လည်း ပါဝင်လာခဲ့ခြင်း
ဖြစ်သည်။
.
“ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် အဓိက အကြောင်းပြချက် ရှိရမယ်။
ဒီဒေသမှာ နယ်မြေအေးချမ်းမှု ပျက်ယွင်း နေတာ ဘာမှမရှိဘူး။ လမ်းပန်းဆက်သွယ်ရေး အကုန်ကောင်းတယ်။
လူတွေလည်း အေးအေးချမ်းချမ်း သွားလာနေ ကြပြီး ရွေးကောက်ပွဲ မဖြစ်ဘူးဆိုတော့ အံ့ဩမိတာပေါ့”
ဟု စိုင်းဝင်းအေး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းကိုင်မြို့နယ်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA)
လက်မှတ်ရေးထိုး ထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) တပ်ဖွဲ့များ လှုပ်ရှားလျက် ရှိပြီး ငြိမ်းချမ်းရေးကတိကဝတ်များကို
လိုက်နာလျက်ရှိကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို ပျက်ပြားအောင် လုပ်ဆောင်မှုမျိုး
မမြင်မိကြောင်း၊ ဒေသတွင်း လက်နက်ကိုင်တပ်များက မဲဆွယ်သည့် နိုင်ငံရေးပါတီများကို ခြိမ်းခြောက်သည်ဆိုသည်မှာလည်း
မမှန်ကန်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ ယင်းပါတီမှပင် ရှမ်းပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်
အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကိုကိုမျိုး ကလည်း “ခိုင်လုံတဲ့ အကြောင်းပြချက်
တစ်စုံတစ်ရာကို ပွင့်လင်းမြင်သာမှုရှိ အောင်တော့ ချပြပေးစေချင်ပါတယ်။ သို့မှသာ မလိုလားအပ်တဲ့
သံသယတွေ ဖြစ်ပေါ်မှုကို ရှောင်ရှားစေနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
မိုင်းကိုင်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကစီ
အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊
တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ၆ ဦး၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး၊ စုစုပေါင်း
လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း
ပေးသွင်းထားကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလက
အဆိုပါ မိုင်းကိုင်မြို့နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နေရာအားလုံး၌
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရရှိထားသည်။
.
No comments:
Post a Comment