SNLD တွင် ရှမ်းလူမျိုးသာ ပါဝင်သည် မဟုတ်ဘဲ တိုင်းရင်းသား အားလုံး ပါဝင်သည်ဟု ဗမာကိုယ်စားလှယ်လောင်း ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

SNLD တွင် ရှမ်းလူမျိုးသာ ပါဝင်သည် မဟုတ်ဘဲ တိုင်းရင်းသား အားလုံး ပါဝင်သည်ဟု ဗမာကိုယ်စားလှယ်လောင်း ပြော

အောင်ဆန်း

.

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွင် ရှမ်းတိုင်းရင်းသား လူမျိုး တစ်မျိုးတည်းသာ ပါဝင်သည် မဟုတ်ဘဲ တိုင်းရင်းသား အားလုံး ပူးပေါင်း ပါဝင်သည်ဟု ၎င်းပါတီမှ ရှမ်းပြည်နယ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်း ဦးကိုကိုမျိုးက ပြောဆိုခဲ့သည်။

.

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အနေနဲ့ ရှမ်းလူမျိုး တစ်မျိုးတည်းသာ မဟုတ်ဘဲနဲ့ ရှမ်းပြည်နယ် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံး ပူးပေါင်း ပါဝင်လို့ရတဲ့ ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ ကျွန်တော်တို့ စည်းရုံး မဲဆွယ်တာ၊ ဝင်ရောက်ယှဉ်ပြိုင်တာ ရှိပါတယ်။ အဲဒီလို ပုံစံမျိုးနဲ့ပဲ အားလုံး ပူးပေါင်းပါဝင်မှုနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ပါတယ်ဟု ဦးကိုကိုမျိုးက ပြောသည်။

.


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်စုစုပေါင်း ၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ပြီး အနည်းဆုံး ကိုယ်စားလှယ်နေရာ ၁၀၀ ကျော် အနိုင်ရရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။

.

ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင် အနေနဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရမယ်ဆိုရင် ရှမ်းပြည်နယ် အတွင်းမှာ ရောက်ရှိနေတဲ့ ဗမာတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့် အရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ လူကုန်ကူးမှု ပပျောက်ရေးလုပ်ငန်းတွေကို အတတ်နိုင်ဆုံး ဦးစားပေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ထို့အတူ ရှမ်းပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူများအကြား ယဉ် ကျေးမှုနဲ့ နားလည်မှုတွေ ပိုပြီး ဖွံ့ဖြိုး တိုးတက်လာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန် ချထား ပါတယ်ဟု ဦးကိုကိုမျိုးက ဆက်လက်ပြောဆိုခဲ့သည်။

.

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) သည် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၅ နေရာ အနိုင် ရရှိထားသည့် ပါတီတစ်ခု ဖြစ်သည်။

.

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ် နေရာ ဒုတိယအများဆုံး နေရာကိုသာ ရရှိခဲ့ပြီး ကိုယ်စားလှယ်နေရာ အများဆုံး ရရှိသည့် ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About