ရွှေညောင်မြို့တွင် နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်လေ့ရှိသည့် နေရာများအား ပြုပြင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွှေညောင်မြို့တွင် နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်လေ့ရှိသည့် နေရာများအား ပြုပြင်နေ

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသည့် နေရာများအား ပြုပြင်နေလျက် ရှိရာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လုပ်ငန်းကို ရွှေညောင်မြို့ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းထားသည့် ရေစီးရေလာကောင်းမွန်ရေး ကော်မတီမှ ဌာနဆိုင်ရာများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅ ခုရှိ ရေမြောင်းပေ ၈၆၀၀ ကို ပြုပြင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

.


“ ကျန်တာက ရပ်ကွက် ၂ ရပ်ကွက် ကျန်ပါတယ်၊ သူတို့ လုပ်ထားတဲ့ ကွန်ကရစ်မြောင်းတွေ နက်ဖို့ တူးမှာကို ပူးပေါင်း ဆောင်ရွက်လိုမှု မရှိတဲ့အတွက် ခုလို ကျန်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိစ္စ တစ်ခုတည်း မကြည့်ဘဲ မြို့ အတိုင်းအတာအနေနဲ့ ကြည့်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ညှိပြီး ဆောင်ရွက်တဲ့အခါ ကော်မတီအနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လမ်းဦးစီးက လုပ်နေတဲ့ ပြည်ထောင်စု လမ်းမကြီးဘေးက ရေမြောင်းတွေထဲကို ရေစီးဝင်ဖို့ လုပ်နေတာကို လိုအပ်တာတွေ ကူညီ လုပ်ဆောင်ပေးဖို့ ရှိပါတယ်။”ဟု ရွှေညောင်မြို့၊ ရေစီးရေလာ ကောင်းမွန်ရေး ကော်မတီ၏ တွဲဘက် အတွင်းရေးမှူး ဦးကျော်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ လုပ်ငန်းများ လုပ်ဆောင်ရန် ကျန်ရှိခဲ့သည့် အုပ်စု ၂ အုပ်စုမှာ မင်္ဂလာရွှေဗဟိုရ်နှင့် ဓနသိဒ္ဓိရပ်ကွက်များ ဖြစ်ကာ ရပ်ကွက်လူထု ပူးပေါင်းဆောင်ရွက်ရန် အတွက် ကော်မတီအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကာ ညှိနှိုင်း၍ မရပါကဥပဒေအရ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

ရွှေညောင်မြို့ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ ချဲ့ခြင်း၊ အနက် တူးဖော်ခြင်း၊ မြေသယ်ခြင်းနှင့် တံတားတူးဖော်ခြင်း လုပ်ငန်းများ ပါဝင်ပြီး ယင်းလုပ်ငန်းများကို လျှံထူးအောင်ကုမ္ပဏီမှ စက်ယန္တရားများ၊ စက်သုံးဆီနှင့် ယာဉ်မောင်းများကို အခမဲ့ ကူညီ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ရွှေညောင်မြို့တွင် နှစ်စဉ် မိုးရာသီကာလများ၌ တောင်ကြီးမြို့မှ စီးဆင်းလာသည့် ရေများနှင့် ကျီးဖြူကန်မှ စီးဆင်းလာသည့် ရေများကြောင့် ရေမြောင်းများ ကျဉ်းမြောင်းခြင်း၊ ရေမြောင်း မရှိသဖြင့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့်အတွက် ရွှေ့ညောင်မြို့ရပ်မိရပ်ဖများများက ကော်မတီဖွဲ့၍ ဌာနဆိုင်များ၏ ကြီးကြပ်မှု၊ စေတနာရှင်များ၏ ပါဝင်ကူညီမှုဖြင့် ပြုပြင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats