တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး တာဝန်ယူ ဖြေရှင်းပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 10, 2020

တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး တာဝန်ယူ ဖြေရှင်းပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို

မင်းဇော်မင်း   

.

ကျောက်မဲမြို့နယ်အတွင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ပြည်သူများ အခြေခံ လူ့အခွင့်အရေး မဆုံးရှုံးစေရေးကို တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာ ၉ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်သို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

.


 

အဆိုပါ တောင်းဆိုစာအား ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော်၊ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့် မဲဆန္ဒနယ်အမှတ်(၂) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်တို့ ၄ ဦးက လက်မှတ်ရေးထိုး တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အရင်ကလည်း လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြခဲ့ပါတယ်လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ရေးစစ်ရာတွေရယ်၊ ပြည်သူလူထုရဲ့ ဒုက္ခ ခံစားနေရတဲ့ အပိုင်းကို ဖြေရှင်းပေးဖို့ တောင်းဆိုတာပါ။” ဟု ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ပြောသည်။

.

ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသတွင် တပ်မတော်နှင့် RCSS တပ်ဖွဲ့တို့ စက်တင်ဘာလ ၃၀ ရက်မှ စတင်ခဲ့သော တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာ၊ အိုးအိမ်၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကာ စစ်ဘေး ဒုက္ခသည်များသည် ဘုန်းတော်ကြီးကျောင်း ၇ နေရာတွင် စုဝေး တိမ်းရှောင်နေရပြီး ပတ်ဝန်းကျင် မြို့နယ်များရှိ ပရဟိတအဖွဲ့၊ စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် ရပ်တည်နေရကြောင်းနှင့် တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံ လူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူ ဖြေရှင်းပေးရေး တောင်းဆိုသည်ဟု တောင်းဆိုစာတွင် ဖော်ပြပါရှိသည်။

.

အဆိုပါ တောင်းဆိုစာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ လိပ်မူ တောင်းဆိုထားပြီး သမ္မတရုံး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဌထံသို့ မိတ္တူ ပေးပို့ထားကြောင်း သိရသည်။

.

ထို့အတူ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် မဟာမိတ်အဖွဲ့အစည်းများကလည်း အောက်တိုဘာလ ၁၀ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဒေသခံ ပြည်သူလူထု စစ်ဘေးတိမ်းရှောင်နေရကာ အခြား မလိုလားအပ်သည့် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများ ဖြစ်ပေါ်နေသည့်အတွက် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

.

ယင်းသဘောထား ထုတ်ပြန်ကြေညာချက်တွင် အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ချက်ချင်းတွေ့ဆုံ ဆွေးနွေးရန်၊ စစ်ဘေးရှောင် ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရန် အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးရန်၊ COVID-19 နှင့် အထွေထွေ အခက်အခဲများကြောင့် လူထုအုံကြွမှု ကဲ့သို့သော အဖြစ်အပျက်မျိုး မပေါ်ပေါက်ရလေအောင် အစိုးရအနေဖြင့် အထူးသတိပြု ကိုင်တွယ်ရန်၊ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရာတွင် နိုင်ငံရေးပါတီကြီး အချို့၏ ဝန်းရံပြည်သူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ အမိန့်ညွှန်ကြားချက်၊ တားမြစ်ကန့်သတ်ချက်များကို လျစ်လျူရှုလျက် စည်းမဲ့ကမ်းမဲ့ ပြုမူနေမှုကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်ကြောင့် ရွေးကောက်ပွဲရလဒ်၏ ခိုင်မာမှုနှင့် တရားဝင်မှုကို မထိခိုက်စေရေး ထိန်းကျောင်းကြပ်မတ်ပေးရန် စသည့် တောင်းဆိုမှုများ ပါရှိကြောင်း သိရသည်။

. 

တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် အမျိုးသမီးသုံး ပစ္စည်းများ၊ ကလေးသန့်ရှင်းရေး ပစ္စည်းများနှင့် ကြာရှည်ခံသည့် စားနပ်ရိက္ခာများ လိုအပ်လျက် ရှိကြောင်း တိုက်ပွဲရှောင်စခန်းများသို့ သွားရောက် ကူညီနေသည့် ပရဟိတလူမှုရေးအသင်းများထံက သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About