ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ရွေးကောက်ပွဲ မဝင်သော်လည်း နိုင်ငံရေး ဆက်လုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 28, 2020

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ရွေးကောက်ပွဲ မဝင်သော်လည်း နိုင်ငံရေး ဆက်လုပ်မည်

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်သည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံခြင်း မပြုလုပ်သော်လည်း ပါတီနိုင်ငံရေးကိုမူ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

“ ပါတီနိုင်ငံရေးတော့ ဆက်ပြီး လုပ်မယ်၊ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တော့ မလုပ်တော့ဘူး။” ဟု ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဦးစိုင်းလုံးဆိုင်သည် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်နှင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တို့တွင် ဥက္ကဌ အဖြစ် သက်တမ်း ၂ ကြိမ်ဆက် တာဝန်ယူခဲ့သူ ဖြစ်ကာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်း ဆောင်ရွက်များအတွက် ကျေနပ် အားရမှု ရှိကြောင်းနှင့် အခက်အခဲလည်း မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

.


 

“ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူက ရွေးချယ်မယ်၊ ရွေးချယ်တဲ့အခါမှာ ကိုယ်စားလှယ်အဖြစ် အရွေးခံရတဲ့သူက ရှမ်းပြည်နယ်လွှတ်တော်မှာ ပါကြမှာပေါ့။ သက်တမ်း ၂ ကြိမ်ဆက် ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်စဉ်မှာ (လုပ်ငန်းဆောင်ရွက်မှုအတွက်) ကျေနပ် အားရမှု ရှိပါတယ်။ ပထမအကြိမ်ရော၊ ဒုတိယအကြိမ်ရော တတ်နိုင်သလောက် ဆောင်ရွက်ခဲ့တယ်။ အခက်အခဲလည်း ကြီးကြီးမားမား မရှိပါဘူး။” ဟု ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌက ပြောသည်။

.

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်သည် ရှမ်းပြည်နယ်လွှတ်တော်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ကာ လက်ရှိတွင် အသက် ၇၃ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

.

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၉ ဦး ရှိပြီး ယင်းအနက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အများဆုံး ပါဝင်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တတိယနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စတုတ္ထ အများဆုံးအဖြစ် လွှတ်တော်ကိုယ်စားလှယ် နေရာများ ရရှိထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About