.
တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ စက်ရုံ တစ်ခုတွင် အလုပ်ရှင်မှ တံခါးပိတ် ချုပ်နှောင်ထားသည့် မြန်မာ အလုပ်သမား ၃၉ ဦးအား ဒေသခံ တရုတ်ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်၍ အောက်တိုဘာ ၂၇ ရက် ညပိုင်းက ကယ်တင်နိုင်ခဲ့ကြောင်း ရွှေလီမြို့ အခြေစိုက် မိုးမခဖောင်ဒေးရှင်းထံမှ သိရသည်။
.
ရွှေလီမြို့နယ်၊ ဂျယ်လယ်ရပ်၊ မနောကွင်း အနီးရှိ နားကြပ်စက်ရုံတွင် အလုပ် ထွက်ချင်သည့် အလုပ်သမား ၃၉ ဦးအား အလုပ် ထွက်ခွင့် မပြုဘဲ အခန်းတွင်း တံခါး ပိတ်လှောင်ကာ ထမင်းမကျွေး၊ ရေဖြတ်၊ မီးဖြတ်ထားသဖြင့် ကယ်တင်ပေးရန် အကူအညီ တောင်းခံလာခြင်းကြောင့် ဂျယ်လယ်(တရုတ်) ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ကယ်တင် နိုင်ခဲ့ခြင်းကြောင့် အလုပ်သမား အားလုံး လွတ်မြောက် လာပြီ ဖြစ်ကြောင်း သိရသည်။
.
“ ၆ ယောက်ကတော့ လာပြောတယ်၊ အိမ်ပြန်မယ် ဆိုလို့ လူကုန်တားနဲ့ ဆက်သွယ်ပြီး မနက်ဖန် မနက် ၁၀ နာရီမှာ အလယ်ပေါက်ကနေ ပို့ဆောင်ပေးမယ်လို့ ပြောထားတယ်။ ကျန်တဲ့သူတွေလည်း ထပ်ပြောမယ်လို့ ပြောတယ်၊ တချို့ကလည်း အလုပ် ထပ်ရှာပြီး လုပ်မယ် ပြောကြတယ်။” ဟု မိုးမခဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အလုပ်သမားများမှာ အလုပ်ထွက်ပါက လူစား မရမည်ကို စိုးရိမ်သည့် စက်ရုံပိုင်ရှင်မှ အောက်တိုဘာလ ၂၆ ရက်တွင် အခန်းအတွင်း ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ကာ ရဲတပ်ဖွဲ့၏ ဖြေရှင်းချက်အရ အောက်တိုဘာ ၂၇ ရက်၊ ညနေ ၅ နာရီခန့်တွင် လွတ်မြောက် လာကြပြီး လက်ရှိတွင် အလုပ်သမားရုံး၌ ခေတ္တတည်းခို နေထိုင်လျက် ရှိကြောင်း ဒေါ်မိုးမခထံမှ သိရသည်။
.
ယင်း အခြေအနေနှင့် ပတ်သက်၍ မူဆယ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင်အား ဆက်သွယ် မေးမြန်းရာတွင် ပြန်လာမည့်သူများအား အောက်တိုဘာ ၂၉ ရက်တွင် မူဆယ်နယ်စပ်ဂိတ် အလယ်ပေါက်၌ စောင့်ကြို၍ လိုအပ်သည်များအား မေးမြန်းကူညီသွားရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့သည်။
.