မူဆယ်ခရိုင်၊ မြန်မာ-တရုတ် နယ်စပ်မျဉ်းအနီးတွင် တရုတ်ဘက်မှ တစ်ဘက်သတ် ခြံစည်းရိုးကာရံမှုကို ကန့်ကွက်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

မူဆယ်ခရိုင်၊ မြန်မာ-တရုတ် နယ်စပ်မျဉ်းအနီးတွင် တရုတ်ဘက်မှ တစ်ဘက်သတ် ခြံစည်းရိုးကာရံမှုကို ကန့်ကွက်ထား

မင်းဇော်မင်း

.

မူဆယ်ခရိုင်အတွင်းရှိ တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးတွင် COVID-19 အကြောင်းပြကာ တရုတ်နိုင်ငံဘက်မှ မြန်မာဘက်နှင့် ညှိနှိုင်းမှုမရှိဘဲ တစ်ဘက်သတ် ယာယီ ခြံစည်းရိုးကာရံထားမှုကို ကန့်ကွက်စာ ပေးပို့ထားပြီး အထက်ဌာနများသို့လည်း တင်ပြထားသည်ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

.

“ကန့်ကွက်စာကို မနေ့ (အောက်တိုဘာလ ၃ ရက်) က ပေးပို့ထားပါတယ်။ အစိုးရအဖွဲ့နဲ့ ထွေအုပ် ရုံးချုပ်ကိုလည်း တင်ပြထားပါတယ်။ သူတို့က ရောဂါအကြောင်းပြပြီး ယာယီပိတ်တဲ့ သဘောပေါ့။ ဒါပေမဲ့ နှစ်နိုင်ငံ ညှိနှိုင်းမှု မလုပ်ဘဲ တစ်ဘက်ထဲလုပ်နေလို့ ကန့်ကွက်တာပါ” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ခြံစည်းရိုးကာရံမှုကို တရုတ်နိုင်ငံဘက်မှ တစ်ဆက်တည်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ အနည်းငယ်လုပ်ဆောင် နေချိန်တွင် ကန့်ကွက်သည့်အတွက် အခြားနေရာသို့ ပြောင်းရွှေ့လုပ်ဆောင်နေပြီး ကန့်ကွက်ထားသော်လည်း ယင်း သံဇကာ ခြံစည်းရိုးများကို ဖျက်သိမ်းခြင်းမရှိကြောင်း သိရသည်။

.

တရုတ်နိုင်ငံဘက်မှ COVID-19 ရောဂါ အကြောင်းပြ၍ လုပ်ဆောင်နေခြင်းဖြစ်သော်လည်း နှစ်ဘက် ကွင်းဆင်း တိုင်းတာမှု မပြုခြင်းကြောင့် မြန်မာနယ်နိမိတ် ပါမည်ကို စိုးရိမ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ယင်းကဲ့သို့ ခြံစည်းရိုးကာရံခြင်းကို တရုတ်နိုင်ငံဘက်မှ အောက်တိုဘာ ၂ ရက်က စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး  ၃ နေရာ တွင် သံဇကာများ ကာရံနေခြင်းဖြစ်ကြောင်း သိရသည်။

.

“မန်ဟီးရိုးဘက်၊ ပန်ဆိုင်းမြို့နဲ့ မုန်းကိုးမြို့ ၃ မြို့ရဲ့ တရုတ်ဘက်ခြမ်းမှာ ခြံစည်းရိုးကာတာရှိတယ်။ နယ်နိမိတ်မျဉ်းကို ကျော်လွန်တာမဟုတ်ဘဲနဲ့ သူတို့ဧရိယာထဲမှာပဲ ကာတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ သတင်းတင်ပြတာနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ထားပါတယ်” ဟု မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ကလည်း ပြောဆိုခဲ့သည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်ကပြုလုပ်ခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေး အလွတ်ညှိနှိုင်း အစည်းအဝေးတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ရွှေလီတွင် နမ့်ခမ်းဘက်မှ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂ ဦး ကိစ္စကြောင့် တရားမဝင် ဝင်ရောက်နိုင်သည့် ဝင်ပေါက်များနေရာများတွင် ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် တားဆီးမည်ဟု တရုတ်ဘက်မှ ပြောဆိုခဲ့ကြောင်းနှင့် မြန်မာ-တရုတ်နယ်စပ်မျဉ်း ချောင်းသာခြားသည့် နေရာများ ရှိသကဲ့သို့ မြေပြင်တွင် ဖြတ်ကူးနိုင်သည့် နေရာများ ရှိနေသည်ဖြစ်ရာ COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း ဦးသူရိန်က ဆက်လက်ပြောဆိုခဲ့သည်။

.

ယခင်ကလည်း ယင်းကဲ့သို့ နယ်နိမိတ်ဆိုင်ရာ ကန့်ကွက်ချက်များပြုလုပ်ခဲ့ရာတွင် ၂၀၁၈ ခုနှစ်အတွင်း ပန်ဆိုင်း (ကြူကုတ်) ၌ တရုတ်တပ်သားများ နယ်မြေကျော်ဝင်ရောက်လာမှု၊ မူဆယ်နယ်စပ်ဂိတ် ဆင်ဖြူပေါက်အငြင်းပွားမှုများ အပြင် ၂၀၁၉ ခုနှစ်အတွင်း ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြန်မာနိုင်ငံအလံတိုင်နေရာကို ဖျက်ဆီးမှု၊ နမ့်ခမ်းမြို့နယ် အတွင်း နယ်စပ်ခြံစည်းရိုး အခိုင်အမာကာရံရန် မြေတူးခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်စာပေးပို့ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About