ရှမ်းပြည်နယ်နဲ့ ရွေးကောက်ပွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

ရှမ်းပြည်နယ်နဲ့ ရွေးကောက်ပွဲ

ဇေတိုင်း ရေးသည်။

 


ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏ ကိုယ်စားလှယ်လောင်းများကို မဲပေး ရွေးချယ်ရန် ရက်ပေါင်း ၃၀ ကျော်သာ ကျန်ရှိတော့သည့်အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ရဲ့ အခြေအနေကို သိရှိဖို့ လိုအပ်မည်ဟု ယူဆမိပါသည်။

ရွေးကောက်ပွဲက ဘယ်မှာ လုပ်မှာလဲ

ရွေးကောက်ပွဲကို မြန်မာနိုင်ငံ တစ်ဝှမ်းက မြို့နယ်အားလုံး နီးပါး ကျင်းပမှာ ဖြစ်သော်လည်း ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်းမြို့နယ်နဲ့ အထူးဒေသ(၄)က မိုင်းလားမြို့နယ်တို့မှာတော့ နယ်မြေ အခြေအနေအရ ရွေးကောက်ပွဲ မပြုလုပ်နိုင်ပါဘူး။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲ ကာလမှာသာ မပြုလုပ်နိုင်တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၂ ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ်လုံးမှာလည်း မလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်က ၅ မြို့နယ် ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုပေမဲ့ ကျန်တဲ့ မြို့နယ် ၅၀ မှာတော့ ရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

မဲဆန္ဒနယ်

ရွေးကောက်ပွဲ ပြုလုပ်မယ့် ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၅၀ ထဲက တစ်ခုစီကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ အဖြစ် သတ်မှတ်တာကြောင့် ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၅၀ ပါဝင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် လွှတ်တော်ကိုတော့ တစ်မြို့နယ်ကို မဲဆန္ဒနယ်အမှတ်(၁)၊ အမှတ်(၂)လို့ ၂ နေရာ ခွဲတာကြောင့် ရှမ်းပြည်နယ် လွှတ်တော်မှာ မဲဆန္ဒနယ် ၁၀၀ ပါဝင် ပါမယ်။ တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်အဖြစ် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်း၊ အာခါ၊ ကယန်း စတဲ့ လူမျိုးအလိုက် သတ်မှတ်ပြီး တစ်ပြည်နယ်လုံးက သက်ဆိုင်ရာ တိုင်းရင်းသားတွေက မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုတော့ မဲဆန္ဒနယ် ၁၂ ခု ခွဲပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)ကို ကျောက်မဲခရိုင်နဲ့ မိုးမိတ်ခရိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)ကို ကျိုင်းတုံခရိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)ကို တာချီလိတ်ခရိုင်နဲ့ မိုင်းဆတ်ခရိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)ကို တောင်ကြီးခရိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)ကို မူဆယ်ခရိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)ကို လားရှိုးခရိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၇) လင်းခေးခရိုင်နဲ့ လွိုင်လင်ခရိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)ကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀)ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။

ရှမ်းပြည်က ကိုယ်စားလှယ် အများဆုံး

ရွေးကောက်ပွဲကနေတဆင့် ရွေးချယ် တင်မြှောက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ ရှမ်းပြည်နယ်က အများဆုံး ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ ချွင်းချက်အနေနဲ့ကတော့ တိုင်းနဲ့ ပြည်နယ်အလိုက် ၁၂ ဦးစီသာ ရွေးကောက် တင်မြှောက်ခွင့် ရှိတဲ့ အမျိုးသားလွှတ်တော်ကတော့ ရှမ်းပြည်နယ်ကလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးသာ ရရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာတော့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထက် ကိုယ်စားလှယ်လောင်း အရေအတွက် များပါတယ်။

ကိုယ်စားလှယ်လောင်း ဘယ်လောက် ရှိလဲ

ပြည်သူ့လွှတ်တော်ဟာ တစ်မြို့နယ်ကို တစ်ယောက်နှုန်းနဲ့ ရွေးကောက်တင်မြှောက်ရတာကြောင့် ရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅၀ ဦး ရှိပါမယ်။ တိုင်းနဲ့ ပြည်နယ်တွေ အချိုးကျ ရွေးကောက် တင်မြှောက်ရမယ့် အမျိုးသားလွှတ်တော်မှာတော့ ၁၂ ဦး ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်ထဲက အကြီးဆုံးလွှတ်တော် ဖြစ်တဲ့ ရှမ်းပြည်နယ် လွှတ်တော်မှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ဦး၊ တိုင်းရင်းလူမျိုးစု ကိုယ်စားလှယ်တွေ ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၇ ဦး ရရှိမှာ ဖြစ်တဲ့ အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦး ရရှိမယ်လို့ ပြောနိုင်ပါတယ်။ အခု တင်ပြပါ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရွေးကောက်ခံတွေ ဖြစ်ပါတယ်။ ဘာကြောင့် ရွေးကောက်ခံလို့ ပြောရလဲ ဆိုရင် အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်အသီးသီးမှာ အသင့် ရှိနေတာကြောင့် ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၀၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း အခြေအနေ

ရှမ်းပြည်နယ်မှာ တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၀၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။ လွှတ်တော်အလိုက် ပြန်ခွဲရင်တော့ ပြည်သူ့လွှတ်တော်မှာ ၂၉၀ ဦး၊ အမျိုးသားလွှတ်တော်မှာ ၈၀ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၆၀၂ ဦး၊ တိုင်းရင်းသားလူမျိုးစုမှာ ၄၃ ဦး ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်ကတော့ ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၁၄ ဦးက ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။ အနည်းဆုံး မဲဆန္ဒနယ်ကတော့ ကိုယ်စားလှယ်လောင်း ၃ ဦးစီနဲ့ ပြည်သူ့လွှတ်တော် မက်မန်း၊ ကုန်းကြမ်း၊ လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်လွှတ်တော် နမ့်ဆန်(၂)၊ မန်တုံ(၁)၊ မက်မန်း(၂)၊ ကုန်းကြမ်း(၂)၊ လောက်ကိုင် (၁)(၂) မဲဆန္ဒနယ်တို့ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံကြမယ့် နိုင်ငံရေးပါတီတွေထဲမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) က ကိုယ်စားလှယ်လောင်း အရေအတွက် ၁၆၅ ဦးနဲ့ ပထမ အများဆုံး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၁၆၀ ဦးနဲ့ ဒုတိယအများဆုံး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) က ၁၅၂ ဦးနဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။ ဒေသတွင်း ပါတီ တစ်ခုဖြစ်ပြီး တိုင်းရင်းသားပါတီတွေထဲမှာ ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ ရွေးကောက်ပွဲ ဝင်မယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ကိုယ်စားလှယ်လောင်း အရေအတွက် ၁၁၀ ဦးနဲ့ ရှမ်းပြည်နယ်မှာ စတုတ္ထ အများဆုံး ဖြစ်ပါတယ်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ

ရှမ်းပြည်နယ်အတွင်းမှာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁ ဦးက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာ ၃ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၁၃ ဦး၊ တိုင်းရင်းသားလူမျိုးစုမှာ ၅ ဦးတို့ ဖြစ်ပါတယ်။ ခရိုင်အလိုက် သတ်မှတ်ထားလို့ မဲဆန္ဒနယ် ကျယ်ပြန့်တဲ့ အမျိုးသားလွှတ်တော်မှာတော့ ဝင်ရောက် ယှဉ်ပြိုင်တာ မရှိပါဘူး။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁ ဦးက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာ ၃ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၁၃ ဦး၊ တိုင်းရင်းသားလူမျိုးစုမှာ ၅ ဦးတို့ ဖြစ်ပါတယ်။

ထူးခြားတဲ့ UDP

လက်ရှိ ထောင်ပြေးမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပါတီဥက္ကဌ ဖြစ်သူ ဦးကျော်မြင့်ရဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဟာ တစ်နိုင်ငံလုံးမှာ ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဖြစ်ပေမဲ့ ရှမ်းပြည်နယ်မှာ ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံးနဲ့ ပါဝင် ယှဉ်ပြိုင်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ၅၀ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၂ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၉၆ ဦး၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်နေရာ ၇ နေရာ၊ စုစုပေါင်း ၁၆၅ နေရာနဲ့ ရာနှုန်းပြည့် နီးပါး ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ NLD နဲ့ USDP တို့ ရှောင်ကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသအားလုံးမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

စုစုပေါင်း ၁၆၅ နေရာနဲ့ ရာနှုန်းပြည့် နီးပါး ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ NLD နဲ့ USDP တို့ ရှောင်ကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသအားလုံးမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ အကြီးအကဲများ

လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်တဲ့ ရွေးကောက်ခံ အစိုးရအဖွဲ့ဝင် အားလုံးဟာ မိခင်ပါတီ ကိုယ်စားပြု အဖြစ်နဲ့အပြင် တစ်သီးပုဂ္ဂလ အဖြစ်နဲ့ပါ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်ကတော့ မိခင်ပါတီ USDP နဲ့ လမ်းခွဲပြီး တစ်သီးပုဂ္ဂလအနေနဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာ မဲဆန္ဒနယ်မှာ ယှဉ်ပြိုင် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်က စတင်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ ကြေညာထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်အတွင်းမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမျိုးသား ၁၇၈၀၉၄၉ ဦး၊ အမျိုးသမီး ၁၈၈၄၈၁၁ ဦး၊ စုစုပေါင်း ၃၆၆၅၇၆၀ ရှိပါတယ်။ ဒီစာရင်းကတော့ ပြင်ဆင်/ဖြည့်စွက်ချက်တွေ ရှိနိုင်သေးတာမို့ အတည်ပြုလို့တော့ မရသေးပါဘူး။

ရှမ်းပြည်နယ်အတွင်းမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမျိုးသား ၁၇၈၀၉၄၉ ဦး၊ အမျိုးသမီး ၁၈၈၄၈၁၁ ဦး၊ စုစုပေါင်း ၃၆၆၅၇၆၀ ရှိပါတယ်။

မဲပေးသင့်လား

ရွေးကောက်ပွဲကို ၅ နှစ်မှ တစ်ကြိမ်သာ ကျင်းပပြုလုပ်တာမို့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းဟာ ၅ နှစ်ကို တစ်ကြိမ်သာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက် တင်မြှောက်ခွင့် ရတာ ဖြစ်ပါတယ်။ မိမိ မဲပေးရမယ့် မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မိမိ အပါအဝင် မဲဆန္ဒရှင် အားလုံးက မဲပေးပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီသက်ဆိုင်ရာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကနေ ဒုတိယသမ္မတလောင်းတွေကို အစုအဖွဲ့အလိုက် ရွေးချယ်ကြရမှာပါ။ ဒုတိယ သမ္မတလောင်းတွေ အဖြစ် ပြည်သူ့လွှတ်တော်က ၁ ဦး၊ အမျိုးသားလွှတ်တော်က ၁ ဦးနဲ့ တပ်မတော်က ၁ ဦး၊ စုစုပေါင်း ၃ ဦး ရွေးချယ်ပါတယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်က ဒုသမ္မတ ၃ ဦးထဲက သမ္မတအဖြစ် မဲပေးရွေးချယ်ရာမှာ မဲအများဆုံး ရတဲ့သူက သမ္မတ၊ ဒုတိယမဲ အများဆုံး ရသူက ဒုသမ္မတ(၁)၊ မဲအနည်းဆုံး ရသူက ဒုသမ္မတ(၂) ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ၊ တခြား လိုအပ်တဲ့ ဒုဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ဥပဒေချုပ်တွေ၊ စာရင်းစစ်ချုပ်တွေကို ဆိုင်ရာလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်ထားရပါတယ်။ ဘာကြောင့် မဲ ပေးသင့်သလဲ ဆိုတာကို ရှင်းရရင်တော့ မိမိပေးလိုက်တဲ့ မဲဟာ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ သမ္မတနဲ့ အဆင့်ဆင့်သော အစိုးရတွေကို ခန့်ထားတာမို့ မဲ ပေးသင့်တယ်လို့ အကြံပြုလိုပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာနိုင်သော သူများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာနိုင်လဲ ဆိုတော့ သမ္မတက ခန့်အပ်တာမို့ သမ္မတဖြစ်မယ့် ပါတီနဲ့ပဲ သက်ဆိုင်ပါတယ်။ ရှမ်းပြည်နယ်မှာ မဲ အများဆုံးရလို့ ဝန်ကြီးချုပ်နေရာကို မရပါဘူး၊ ဥပမာ လက်ရှိ ရှမ်းပြည်နယ်မှာ ကိုယ်စားလှယ်နေရာ အများစု ရထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ဝန်ကြီးချုပ် နေရာကို မရဘဲ တစ်နိုင်ငံလုံးမှာ ကိုယ်စားလှယ်နေရာ အများဆုံးရခဲ့ပြီးတော့ ပြည်ထောင်စုအစိုးရ ဖွဲ့နိုင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကသာ သူ့ပါတီဝင် ဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုလည်း ပြည်ထောင်စုအစိုးရ ဖွဲ့နိုင်တဲ့ပါတီကပဲ ခန့်အပ်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရမယ့် ပါတီရဲ့ မူဝါဒ၊ ပြီးတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီး တိုင်းရင်းသားပါတီတွေ နေရာ ရလာနိုင်မယ့် အခြေအနေတွေအရသာ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်လို့ ရမှာ ဖြစ်ပါတယ်။ တစ်ခု သတိပြုရမှာက တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်ရမှာ ဆိုပေမဲ့ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ [အခုခန့်မှန်းထားသူတွေကတော့ စာရေးသူရဲ့ ထင်မြင်ချက် အယူအဆသာ ဖြစ်ပါတယ်။]

လက်ရှိ အာဏာရပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ကိုယ်စားလှယ်လောင်း ဒေါက်တာ လင်းထွဋ် (လက်ရှိ ဝန်ကြီးချုပ်)၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ကိုယ်စားလှယ်လောင်း ဦးစိုးညွန့်လွင်(လက်ရှိ ပြည်နယ်ဝန်ကြီး)၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ကိုယ်စားလှယ်လောင်း ဦးဇော်မင်းလတ် (လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ တောင်ကြီးမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်သန်းငွေ (လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)တို့ကို ခန့်မှန်းချင်ပါတယ်။


အတိုက်အခံ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ ပြန်ပြီး ပြည်ထောင်စုအစိုးရ ဖွဲ့နိုင်မယ် ဆိုရင်တော့ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဇော်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ကိုယ်စားလှယ်လောင်း ဦးစိုင်းလုံကျော် (လက်ရှိ ပြည်နယ်ဝန်ကြီး)၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ကိုယ်စားလှယ်လောင်း ဦးသန်းဝင်း (လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)တို့ကို ခန့်မှန်းချင်ပါတယ်။


အဲဒီလိုပဲ ညွန့်ပေါင်းအစိုးရ ဖွဲ့တာကြောင့် ဖြစ်စေ၊ တိုင်းရင်းသားပါတီတွေ အင်အားကောင်းပြီး အစိုးရ ဖွဲ့နိုင်တာကြောင့် ဖြစ်စေ အခြေအနေ တစ်ခုခု အပြောင်းအလဲ ဖြစ်လာရင်တော့ တိုင်းရင်းသားပါတီတွေထဲမှာ ကိုယ်စားလှယ်လောင်း နေရာ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မယ့်အပြင် ရှမ်းပြည်နယ်ရဲ့ ဒေသခံပါတီလည်း ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဒုဥက္ကဌ(၂) ဖြစ်သူ ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ကိုယ်စားလှယ်လောင်း ဦးစိုင်းခင်မောင်ညွန့်ကို ခန့်မှန်းလိုပါတယ်။ SNLD ရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌက ရွေးကောက်ပွဲ မဝင်ကြတာမို့ ဒုဥက္ကဌ(၂)ကို ခန့်မှန်းရခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အင်အားကြီး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကသာ အထက်က အခြေအနေတွေအရ ဖြစ်လာနိုင်ပေမဲ့ အခြေခံဥပဒေအရ ဝန်ကြီးချုပ် ဖြစ်လာနိုင်မယ့် သူတွေကလည်း သူတို့ရဲ့ မဲဆန္ဒနယ်မှာ အနိုင်ရဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် ကိုယ့် မဲဆန္ဒနယ်မှာ အနိုင်ရပြီးတော့ ကိုယ့်ရဲ့ပါတီကလည်း အစိုးရဖွဲ့နိုင်မှသာ အထက်က ခန့်မှန်းခံ ကိုယ်စားလှယ်လောင်းတွေဟာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို တောင်ကြီးက အိမ်တော်မှာ ၅ နှစ်တာ နေထိုင်ခွင့်ရပြီး တာဝန်ထမ်းဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။

ကိုယ့် မဲဆန္ဒနယ်မှာ အနိုင်ရပြီးတော့ ကိုယ့်ရဲ့ပါတီကလည်း အစိုးရဖွဲ့နိုင်မှသာ အထက်က ခန့်မှန်းခံ ကိုယ်စားလှယ်လောင်းတွေဟာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို တောင်ကြီးက အိမ်တော်မှာ ၅ နှစ်တာ နေထိုင်ခွင့်ရပြီး တာဝန်ထမ်းဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။

 

မဲပေးကြစို့

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်လို့ မိမိတို့ရဲ့ ၅ နှစ်မှ တစ်ကြိမ်သာ ရရှိတဲ့ နိုင်ငံသားအခွင့်အရေးကို အဆုံးအရှုံး မခံဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ နိုင်ငံတော်အကျိုး၊ ရှမ်းပြည်နယ်အကျိုး၊ မိမိတို့ဒေသအကျိုးကို ထမ်းရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဦးနှောက်နဲ့ တွေးပြီး ရွေးချယ်ကြပါစို့၊ ကိုယ်စီ မဲပေးကြပါစို့လို့ တိုက်တွန်းရင်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရှမ်းပြည်နယ်ရဲ့ အခြေအနေကို တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About