ရှမ်းပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 19, 2020

ရှမ်းပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ

ဇေတိုင်း ရေးသည်။


မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု တည်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသ ၆ ခု ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အပ ကျန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသတွေဟာ ရှမ်းပြည်နယ် အတွင်းမှာ ပါဝင် ပါတယ်။

 

၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ် ဆိုပြီး ပါဝင်ကြပါတယ်။


မြန်မာနိုင်ငံမှာ (သို့မဟုတ်) ရှမ်းပြည်နယ်မှာ အစိုးရအာဏာ မသက်ရောက်(နိုင်)တဲ့ မြို့နယ် စုစုပေါင်း ၅ မြို့နယ် ရှိပြီး အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲတွေ မပြုလုပ်နိုင်ခဲ့ဘဲ ဆိုင်ရာအဖွဲ့အစည်းတွေ (အစိုးရ မဟုတ်)ကပဲ အုပ်ချုပ်ကြပါတယ်။

 

ရွေးကောက်ပွဲ မလုပ်


မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းက မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်တို့ မပါဝင်ကြပါဘူး။ ရွေးကောက်ပွဲတွေ မလုပ်နိုင်သလို အစိုးရ (အဆက်ဆက်) ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေဟာလည်း ဒီဒေသတွေမှာ အာဏာ သက်ရောက်မှု မရှိသလို ညွှန်ကြားချက် တချို့မှာဆိုရင် မဝင်ရမြို့နယ်များမှအပ ဆိုပြီးတော့ ရည်ညွှန်း ဖော်ပြထားတာလည်း ရှိပါတယ်။ အဲဒီလို အစိုးရအာဏာ မသက်ရောက်တဲ့ မြို့နယ်တွေမှာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းက ၄ မြို့နယ်အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလားမြို့နယ်လည်း ပါဝင်ပါသေးတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ (သို့မဟုတ်) ရှမ်းပြည်နယ်မှာ အစိုးရအာဏာ မသက်ရောက်(နိုင်)တဲ့ မြို့နယ် စုစုပေါင်း ၅ မြို့နယ် ရှိပြီး အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲတွေ မပြုလုပ်နိုင်ခဲ့ဘဲ ဆိုင်ရာအဖွဲ့အစည်းတွေ (အစိုးရ မဟုတ်)ကပဲ အုပ်ချုပ်ကြပါတယ်။


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ


ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့မှာ အခြေစိုက်ပါတယ်။ လက်ရှိ ဒေသဦးစီးအဖွဲ့ ဥက္ကဌဟာ ဦးအာကာလင်း ဖြစ်ပြီး အရင် (ပထမအကြိမ်အစိုးရသက်တမ်း) ဒေသဦးစီးအဖွဲ့ ဥက္ကဌကတော့ ဦးထူးကိုကို ဖြစ်ပါတယ်။ လက်ရှိ ဥက္ကဌရော၊ အရင်ဥက္ကဌရော ၂ ယောက်လုံးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဝင်တွေ ဖြစ်ပါတယ်။ မကြာမီ ပြုလုပ်တော့မယ် ရွေးကောက်ပွဲမှာ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီတွေက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။

 

အစိုးရ ၃ ကြိမ်ဆက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ အဖြစ် မှတ်တမ်း ဝင်နိုင်ဖွယ် ရှိနေပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ


ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့မှာ အခြေစိုက်ပါတယ်။ လက်ရှိ ဒေသဦးစီးအဖွဲ့ ဥက္ကဌဟာ ဦးခွန်စံလွင် ဖြစ်ပြီး ပထမအကြိမ်အစိုးရသက်တမ်းမှာလည်း ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဦးခွန်စံလွင်ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပြီး လက်ရှိမှာလည်း အရင်မဲဆန္ဒနယ်ဟောင်း ဖြစ်တဲ့ ရှမ်းပြည်နယ်လွှတ်တော်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်လို့ အနိုင် ရရှိခဲ့ရင် အစိုးရ ၃ ကြိမ်ဆက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ အဖြစ် မှတ်တမ်း ဝင်နိုင်ဖွယ် ရှိနေပါတယ်။ ရွေးကောက်ပွဲမှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ


ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ အခြေစိုက်ပါတယ်။ လက်ရှိ ဒေသဦးစီးအဖွဲ့ ဥက္ကဌဟာ ဦးကျောက်တယ်ချန် ဖြစ်ပြီး အရင် (ပထမအကြိမ်အစိုးရသက်တမ်း) ဒေသဦးစီးအဖွဲ့ ဥက္ကဌကတော့ ဦးပယ်စောက်ချိန် (ခ) ဦးဘေဆော်ချိန် ဖြစ်ပါတယ်။ လက်ရှိ ဥက္ကဌရော၊ အရင်ဥက္ကဌရော ၂ ယောက်လုံးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဝင်တွေ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ


ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှာ အခြေစိုက်ပါတယ်။ လက်ရှိ ဒေသဦးစီးအဖွဲ့ ဥက္ကဌဟာ ဦးဝင်းကျော် (ခ) ဦးအိုက်မိန်း ဖြစ်ပြီး အရင် (ပထမအကြိမ်အစိုးရသက်တမ်း) ဥက္ကဌကတော့ ဦးမောင်ကျော် (ခ) ဦးထွန်းကျော် ဖြစ်ပါတယ်။ လက်ရှိ ဥက္ကဌရော၊ အရင်ဥက္ကဌရော ၂ ယောက်လုံးက တအာင်း(ပလောင်) အမျိုးသားပါတီက ဖြစ်ပါတယ်။ ဒေသအတွင်းမှာ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကတော့ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ပါတယ်။


“ဝ” ဒီမိုကရက်တစ်ပါတီ၊ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့ကို ပေါင်းပြီး တည်ထောင်ထားတဲ့ “ဝ”အမျိုးသား ပါတီကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ပေးခဲ့ပါတယ်။

 

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း


“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီအဖွဲ့ရုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့နယ်မှာ အခြေစိုက်ပြီး လက်ရှိ ဒေသဦးစီး ဥက္ကဌအဖြစ် ဦးခွန်ထွန်းလူ (ခ) ဦးဒီကီက တာဝန်ထမ်းဆောင်နေပြီး အရင် (ပထမအကြိမ်အစိုးရသက်တမ်း) ဒေသဦးစီးအဖွဲ့ ဥက္ကဌကတော့ ဦးခွန်ထွန်းထူး (ခ) ဦးထွန်းလူ ဖြစ်ပါတယ်။ “ဝ” တိုင်းရင်းသားပါတီတွေ ဖြစ်တဲ့ “ဝ” ဒီမိုကရက်တစ်ပါတီ၊ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့ကို ပေါင်းပြီး တည်ထောင်ထားတဲ့ “ဝ”အမျိုးသား ပါတီကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ပေးခဲ့ပါတယ်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ၆ မြို့နယ်မှာ ၂ မြို့နယ်သာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး “ဝ”အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့က ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသများဟာလည်း ပြည်ထောင်းစုအစိုးရ၊ တိုင်းဒေကြီး/ပြည်နယ်အစိုးရများ နည်းတူ ဖွဲ့စည်းထားရှိသော အစိုးရငယ်များ ဖြစ်ကြပါတယ်။ ဒေသဦးစီးအဖွဲ့ကို အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးနဲ့ ဖွဲ့စည်းရပြီး သတ်မှတ်ဦးရေ မပြည့်မီရင် ဦးစီးအဖွဲ့ဝင်တွေက မိမိတို့ သဘောဆန္ဒအလျောက် ရွေးချယ်ဖြည့်စွက် ခန့်အပ်နိုင်ပါတယ်။ ဦးစီးအဖွဲ့မှာ ပါဝင်သူတွေကတော့ သက်ဆိုင်ရာဒေသအတွင်းက ရွေးကောက်ခံ လွှတ်တော်(ရှမ်းပြည်နယ်လွှတ်တော်) ကိုယ်စားလှယ်တွေနဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။ ဒါ့အပြင် ဒေသအတွင်းမှာ နေထိုင်ကြတဲ့ လူဦးရေ အနည်းဆုံး ၁၀၀၀၀ နဲ့အထက် ရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကိုလည်း ထည့်သွင်း ခန့်အပ်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ် ခန့်အပ်တာကို ဦးစီးအဖွဲ့ဝင် အချင်းချင်း ညှိနှိုင်းပြီး ခန့်အပ်ရမှာ ဖြစ်ပြီး ညှိနှိုင်းလို့ မရရင်တော့ ဆန္ဒမဲပေး ရွေးချယ်တဲ့ စနစ်နဲ့ ခန့်အပ်ရမှာပါ။ ဒေသရဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အကြီးအမှူးက ရာထူးအလျောက် ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရပါတယ်။


ဒေသဦးစီး ဥက္ကဌ ဘယ်လိုရွေး


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသဦးစီးအဖွဲ့ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေထဲက သင့်လျော်သူကို ဦးစီးအဖွဲ့ဝင် အချင်းချင်း ညှိနှိုင်း ရွေးချယ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တဆင့် နိုင်ငံတော်သမ္မတထံ တင်ပြပြီး သမ္မတက ခန့်အပ်ပါတယ်။ ဒေသဦးစီးအဖွဲ့ဥက္ကဌ အဖြစ် ခန့်အပ်ဖို့ ဦးစီးအဖွဲ့ဝင် အချင်းချင်း ညှိနှိုင်းရွေးချယ်လို့ မရရင်တော့ ဆန္ဒမဲပေး ရွေးချယ်တဲ့စနစ်နဲ့ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒေသဦးစီးအဖွဲ့ဥက္ကဌဟာ ရာထူးအလျောက် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတာဝန်နဲ့ တူညီပြီး ဝန်ကြီးချုပ်၊ သမ္မတကို တာဝန်ခံရမှာ ဖြစ်ပါတယ်။


သင့်လျော်သူကို ဦးစီးအဖွဲ့ဝင် အချင်းချင်း ညှိနှိုင်း ရွေးချယ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တဆင့် နိုင်ငံတော်သမ္မတထံ တင်ပြပြီး သမ္မတက ခန့်အပ်ပါတယ်။

 

တပ်မတော်ရဲ့ အခန်းကဏ္ဍ


အခြေခံဥပဒေ ပုဒ်မ ၆(စ)မှာ ပါတဲ့ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။ ပုဒ်မ ၁၇(ခ)ပါ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊  နယ်စပ်အုပ်ချုပ်ရေး စသည့် တာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။ ဖော်ပြပါ အခြေခံဥပဒေ ပုဒ်မများနဲ့ တခြားသော ဥပဒေ၊ နည်းဥပဒေများအရ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ၊ လွှတ်တော်အသီးသီးမှာ တပ်မတော်သားများ ပါဝင် နေကြသလိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှာလည်း တပ်မတော်သားများဟာ ပါဝင် ထမ်းဆောင်ခွင့် မဲပေး ရွေးချယ်ခွင့်နဲ့ ဒေသနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ ပြဌာန်းရာမှာ ပါဝင်ဆောင်ရွက်ခွင့် ရရှိထားကြပါတယ်။


အစိမ်းရောင် လွှမ်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ


အထက်ပါ ရှမ်းပြည်နယ်အတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသဦးစီးအဖွဲ့များကို လေ့လာကြည့်မယ်ဆိုရင် အစိမ်းရောင်ကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေသဦးစီးဥက္ကဌ တာဝန်ကို သက်တမ်း ၂ ကြိမ်ဆက် ရယူထားနိုင်တဲ့ ဒေသအဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ခွင့်ရတဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဟာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ် ဖြစ်နေတဲ့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ခန့်အပ်ရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေကို ခန့်အပ်တဲ့ အခြေအနေတွေ ရှိတာကြောင့် အစိမ်းရောင် လွှမ်းတယ်လို့ပဲ ယူဆပါတယ်။ လက်ရှိမှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်အဖြစ်ကနေ လက်တွဲ ဖြုတ်ခဲ့ပြီလို့ ပြောဆိုထားပေမယ့်လည်း ရွေးကောက်ပွဲ အလွန်ကာလကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့မှာလည်း ရွေးကောက်ခံ မဟုတ်လို့ ဒေသဦးစီးဥက္ကဌ တာဝန်ကို ထမ်းဆောင်ခွင့် မရသော်လည်း အခြေခံဥပဒေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေအရ အလိုအလျောက် ပါဝင်ထမ်းဆောင်ခွင့် ရရှိနေကြတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေက ရှိနေတာမို့ အစိမ်းရောင်ဟာ လွှမ်းသည်ထက်ကို ပိုသည်ဟု သုံးသပ်နိုင်ပါတယ်။

 

အခြေခံဥပဒေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေအရ အလိုအလျောက် ပါဝင်ထမ်းဆောင်ခွင့် ရရှိနေကြတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေက ရှိနေတာမို့ အစိမ်းရောင်ဟာ လွှမ်းသည်ထက်ကို ပိုသည်ဟု သုံးသပ်နိုင်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသဦးစီးအဖွဲ့တွေဟာ အစိုးရငယ် ပုံစံမျိုး ဖြစ်တဲ့အတွက် ဒေသတွင်း ကိုယ်ပိုင်ဥပဒေကို အတည်ပြုနိုင်တာ၊ ဒေသဦးစီးအဖွဲ့ဥက္ကဌဟာ မိမိဒေသတွင်းက ဒေသရေးရာတွေကို စီမံ ဆောင်ရွက်ခွင့် ရှိတာ၊ ခွင့်ပြု ဘဏ္ဍာငွေကို ဒေသအတွင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ သုံးစွဲခွင့် ရှိတာ၊ ဒေသအတွင်းက နယ်ဘက် ဝန်ထမ်း အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ကြီးကြပ်နိုင်တာ၊ ပြည်ထောင်စုအစိုးရရဲ့ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်ရာမှာ ကူညီ ဆောင်ရွက်ခွင့် ရတာ စတဲ့ တာဝန်နဲ့ စီမံလုပ်ပိုင်ခွင့် ရှိနေသော အခြေအနေတွေကြောင့် ဒေသတွင်းနေ မဲဆန္ဒရှင် ပြည်သူများက မိမိတို့ ဒေသ၊ မိမိတို့ လူမျိုး၊ မိမိတို့ ပြည်နယ်၊ မိမိတို့ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် သူတွေကို မိမိတို့ရဲ့ ဦနှောက်နဲ့ စဉ်းစားပြီး ရွေးချယ်ကြစေနိုင်ဖို့ အတွက် ရည်ရွယ်ပြီး သိရှိထားသမျှကို ရေးသား တင်ပြလိုက်ရပါတယ်။ ။

 

Ref; အခြေခံဥပဒေ(၂၀၀၈)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေ

No comments:

Post a Comment

Journal Download

Photo of three cats

About