မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ ဝင်ရောက်လာသည့် ကားများအနက်
ကျန်းမာရေးထောက်ခံချက်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ထောက်ခံချက်များ ပြည့်စုံစွာ ပါရှိပါက
Quarantine
ဝင်ရောက်ရန် လိုအပ်မည်မဟုတ်ကြောင်း သိရသည်။
.
.
“နောင်ချို မရောက်ခင် ဘန့်ဘွေးနဲ့ မြစ်ခြေမှာ Rapid Test Kit တွေနဲ့စစ်တယ်။ အထွက်ကားတွေကို ထောက်ခံချက် ပေးပြီး အဝင်ကားတွေမှာ ကျန်းမာရေးထောက်ခံချက်နဲ့
ရပ်ကွက်/ကျေးရွာ ထောက်ခံချက်တွေပါရင် Quarantine ဝင်စရာမလိုဘူး။
ဝင်ခွင့်ပြုတယ်” ဟု နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်
ကိုယ်စား လှယ် ဦးမြင့်ဆွေက ပြောသည်။
.
ယင်းကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသည့် ကားများသည်
လမ်းတစ်လျှောက် မြို့ရှောင်လမ်းများကို အသုံးပြုသွားလာရန် လိုအပ်ပြီး ကားပျက်သည်မှအပ
မြို့တွင်း ရပ်နားခွင့်၊ ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။
.
ယမန်နေ့ အောက်တိုဘာလ ၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသည့်
ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနက် ကျောက်မဲတွင် တစ်ဦး၊ မူဆယ်တွင်
တစ်ဦး COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပိုင်းသို့ သွားရောက်သည်
ကုန်တင်ယာဉ်များအနေဖြင့် ကွမ်းလုံမြို့နယ်၊ ဟိုလီ ကျေးရွာရှီ ကုန်ကဲ့ဝင်းတွင် လူစုလူဝေး
ဖြစ်ပေါ်နေပြီး ရောဂါကူးစက်နိုင်သည်ဟု ဒေသခံလူထုက တောင်းဆို သဖြင့် အဆိုပါ ကုန်ကဲ့ကွင်း
မဖြစ်ပေါ်စေရေးအတွက် ကွမ်းလုံတံတား၏ ခံနိုင်ဝန် ယာဉ်နှင့်ကုန် ၂၅ တန်သာ သယ်ဆောင်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.
“ကွမ်းလုံတံတားမရောက်ခင် ဟိုလီနဲ့
ကွမ်းလုံတံတားကျော်ပြီး ဖောင်ဆိပ်ကြားက
ကုန်ကဲ့ကွင်းတွေမှာ ကုန်ကဲ့တာနဲ့ ကားတွေ ရပ်တာကြောင့် လူစုလူဝေးဖြစ်ပေါ်တယ်ဆိုပြီး
ဒေသခံတွေက တောင်းဆိုလို့ ဒီလို အမိန့်ထွက်လာတာပါ။ ကဲ့ကွင်းတွေ
ပျောက်ကုန်အောင်လုပ်သလို အလုပ်သမားတွေလည်း အလုပ်မရ၊ ကားသမားတွေလည်း ကုန်တင်ရတာ
မကိုက်တွေ ဖြစ်ကုန်တာပေါ့။ သေချာကြီးကြပ်လုပ်ဆောင်ရင် ဒီလိုကိစ္စဖြစ်စရာ
အကြောင်းမရှိပါဘူး” ဟု ကွမ်းလုံ-ချင်းရွှေဟော်ကုန်သည်ကြီးများအသင်း ဥက္ကဌ
ဒေါ်လွင်လွင်မာက ပြောသည်။
.
လက်ရှိတွင် Rapid
Test Kit ဖြင့် COVID-19 ရောဂွ စစ်ဆေးမှုများကို
ချင်းရွှေဟော် သံတံတားတွင် စတင်ပြုလုပ်နေပြီ ဖြစ်သဖြင့် လောက်ကိုင်ကိုဖြတ်ကာ
တရုတ်နိုင်ငံ၊ မိန်းတိန်နယ်စပ်ဂိတ်သို့ ကုန်ကားများ တိုက်ရိုက်မောင်း၍
ရရှိနေပြီဖြစ်သဖြင့် အောက်တိုဘာ ၄ ရက်တွင် ကုန်ကား ၁၅၀ စီးနှင့် ယနေ့ အောက်တိုဘာလ
၅ ရက်တွင် ၁၅၀ စီး ဝင်ရောက်နိုင်ခဲ့ပြီး ကွမ်းလုံနှင့် ချင်းရွှေဟော်အကြား တန်းစီနေသည့်
ကုန်ကားများ အဆင်ပြေစွာ ဝင်ထွက်ခွင့် ရရှိလာပြီ ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
No comments:
Post a Comment