ကမ္ဘောဇတိုင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း ယမန်နေ့ အောက်တိုဘာလ
၂၇ ရက်က က လင်းခေးခရိုင်အုပ်ချုပ် ရေးမှူး ဦးနိုးဝေနှင့် အဖွဲ့ ပစ်ခတ် ခံရမှုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) တပ်ဖွဲ့ဝင်များက မှားယွင်း ပစ်ခတ်မိခြင်းသာဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး
စိုင်းအွမ်ခေး ထံက သိရသည်။
.
![]() |
Photo - Tai Freedom |
“တပ်ဖွဲ့ဝင်တွေက မှားယွင်းပစ်ခတ်မိတာ ဟုတ်ပါတယ်။ စိတ်မကောင်းစရာပါ။
နောက်နောင် ဒီလိုမျိုး မဖြစ်ရလေအောင် ဆက်ဆံရေးရုံး တာဝန်ခံနဲ့ရော၊ သက်ဆိုင်တဲ့ အစိုးရဌာနကပဲ
ဖြစ်ဖြစ် သွားလာမယ်ဆိုရင် အချိန် ကြိုတင်ညှိနှိုင်းအကြောင်းကြားပြီးတော့ ရှေ့တန်းမှာ
သွားလာလှုပ်ရှား နေတဲ့ ရဲဘော်တွေလည်း ကြိုတင်သိထားရင် ကောင်းပါမယ်။ အဲဒီလိုတော့ အစီအစဉ်ရှိပါတယ်”
ဟု RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ပစ်မခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး
စိုင်းအုမ်းခေးက RCSS တပ်ဖွဲ့ဝင်များ လမ်းဖြတ်ကူးချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
ကားမှာ ရုတ်တရက် ပေါ်လာသည့်အတွက် လမ်း လုံခြုံရေး ရယူထားသည့် တပ်ဖွဲ့က ထိတ်လန့်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး
ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က မသွားမီ မိုင်းပန်ဆက်ဆံရေးရုံးတွင် အကြောင်းကြားခဲ့သော်လည်း
ရှေ့တန်းစစ်မျက်နှာပြင် သို့ အဆင့်ဆင့် ဆက်သွယ်သတင်းပေးပို့ရာတွင် အချိန်အနည်းငယ် ကြပ်သွားခဲ့သည့်အပြင်
ခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ အသွား/အပြန် မြန်ဆန်သွားသည့်အတွက် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု
ပြောဆိုခဲ့သည်။
.
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ဝန်ထမ်းများသည်
အောက်တိုဘာလ ၂၇ ရက်က မိုင်းပန်မြို့နယ် တွင် မဲရုံပစ္စည်းနှင့် မဲရုံဝန်ထမ်းများအား
လိုက်ပါပို့ဆောင်ပေးခဲ့ပြီးအပြန် နေ့လယ် ၁ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး
ခရိုင်အုပ်ချုပ်ရေးမှူး၏ ဝဲဘက်ပေါင်တွင် ထိမှန်၍ အရိုးကျိုး ဒဏ်ရာ၊ ဌာနခွဲစာရေး
ဦးနေမင်းအောင်တွင် ဘယ်ခြေသလုံး၊ လက်သန်းနှင့် လက်သူကြွယ် ထိမှန် ဒဏ်ရာများ ရရှိကာ
လူနာများအား တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“အခုဖြစ်တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာ လုံးဝမဟုတ်ပါဘူး။
ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို တာဝန်ရှိတဲ့သူရော၊ ပစ်ခတ်တဲ့သူရော သေချာစစ်ဆေးပြီး ပြစ်ဒဏ်ပေးသွားမှာပါ”
ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် သည်
၂၀၁၅ ခုနှစ်ကတည်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)
လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်
လွယ်တိုင်းလျှန်တွင် ဌာနချုပ် ဖွင့်လှစ်ထားသည်။
.