စိုင်းသိင်္ခသူ
.
ကျောက်မဲမြို့နယ်၊ တောင်ရှည်ကျေးရွာအနီး နယ်မြေလုံခြုံရေး
ဆောင်ရွက်နေသော တပ်မတော်အရာရှိ ၂ ဦးကို RCSS/SSA တပ်ဖွဲ့များက
အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် နှိပ်စက် ညှင်းပန်းခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က
ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည် ဟု သိရသည်။
.
.ကျောက်မဲမြို့နယ်၊ တောင်ရှည်ကျေးရွာအနီးရှိ
နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စခန်းမှ လိုအပ်သည့်အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်ရန်အတွက်
ကျောက်မဲမြို့သို့ သွားရောက်သည့် အရာရှိနှစ်ဦးအား အောက်တိုဘာ ၆ ရက်က မန္တလေး-လားရှိုး-မူဆယ်သွား
ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ နောင်ပိန်ကျေးရွာအနီး RCSS/SSA အဖွဲ့မှအင်အား
၅၀ ခန့်က တပ်မတော်မှအရာရှိများ ဖြစ်ကြောင်းသိလျက်နှင့် ၎င်းတို့စီးနင်းလာသည့်
မော်တော်ယာဉ်အားတားဆီးပြီး ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
RCSS/SSA တပ်ဖွဲ့သည် အရာရှိ ၂ ဦးအားဂျီနီဗာကွန်ဗင်းရှင်းများ၏
ဘုံအာတီကယ် ၃၊ အပိုဒ်ခွဲ (၁)နှင့် အပိုဒ်ခွဲငယ် (က) များပါ
လက်နက်ကိုင်ပဋိပက္ခဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသလို
ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ကာ အောက်တိုဘာ ၂၂ ရက်နေ့တွင်
တောင်ရှည်ကျေးရွာ အနီး တပ်မတော်စခန်းတစ်ဝိုက် လျှို့ဝှက်ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့သည်
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလနှင့် မေလတို့တွင် ကျိုင်းတုံမြို့၌ နှစ်ဖက်သဘောတူညီချက်များအရ
RCSS/SSA အဖွဲ့အတွက် ဟိုမိန်းနှင့် မုံးထနယ်မြေမှ
ကျော်လွန်လှုပ်ရှားခြင်းမပြုရန် သတ်မှတ်သဘောတူခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
သို့ရာတွင် RCSS/SSA အဖွဲ့အနေဖြင့်
သဘောတူစာချုပ်အားဖောက်ဖျက်၍ နယ်မြေကျော်လွန်လှုပ်ရှားခြင်း၊
အဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဒေသခံပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းများ
မကြာခဏ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့် နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၂၀
ရက်နေ့အထိ အဓမ္မဆက်ကြေးကောက်ခံမှု ၃၂ ကြိမ်၊ လူသစ်စုဆောင်းမှု ၁၆
ကြိမ်ပြုလုပ်ခဲ့ပြီး နယ်မြေကျော်လွန် လှုပ်ရှားလာမှုကြောင့်
တပ်မတော်စစ်ကြောင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှု ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မတော်က
ထုတ်ပြန်ထားသည်။
.
ထို့အပြင် RCSS/SSA အဖွဲ့အနေဖြင့်
တပ်မတော်အရာရှိများဖြစ်သည်ကိုသိရှိသော်လည်း ရည်ရွယ်ချက်ရှိစွာ ဖြင့်
ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းနှင့် နယ်မြေကျော်လွန်၍
လက်နက်ကိုင်လှုပ်ရှားဆောင်ရွက်ခြင်းများသည် ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီထားသော သဘောတူညီချက် များကိုချိုးဖောက်ခြင်းဖြစ်ပြီး
NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ
စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း
(၃) ပါပြဌာန်းချက်များကို အကြိမ်ကြိမ်ချိုးဖောက် ခြင်း ဖြစ်ကြောင်းတွေ့ရှိရသဖြင့်
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ
(ပြည်ထောင်စုအဆင့်) Joint Ceasefire Monitoring Committee – Union Level သို့အကြောင်းကြား
ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်အရာရှိမှန်းသိလျက်နှင့်
ရန်လိုသည့်အပြုအမူပြုခဲ့သည့် RCSS/SSA အဖွဲ့မှ တာဝန်ရှိသူများအား
တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး ကျောက်မဲမြို့နယ်ရဲစခန်းသို့ လာရောက်အပ်နှံရန်လည်း
လွယ်တိုင်းလျှံဌာနချုပ်သို့ သတိပေးပြောကြားထားပြီးဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်းခေးထံသို့ ဆက်သွယ်မေးမြန်းရာတွင်
ကျောက်မဲမြို့နယ်ခွင် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့စဉ်က တိုက်ပွဲလုံခြုံရေး ဆောင်ရွက်နေသော
တပ်ဖွဲ့ဝင်များမှ ကားအဝင်/အထွက် များကို စစ်ဆေးနေစဉ် မျက်နှာစိမ်း ၂ ဦး ပါဝင်လာသည့်အတွက်
ခေါ်ယူစစ်ဆေးခြင်းဖြစ်ပြီး တပ်မတော် အရာရှိ ၂ ဦးဖြစ်ကြောင်း သိရှိရသည့်အတွက် ကောင်းမွန်စွာ
ထိန်းသိမ်းထားပြီး အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲဆက်ဆံရေးရုံးမှတစ်ဆင့် တပ်မတော်သို့
ဆက်သွယ်ခဲ့သော်လည်း တပ်မတော်ဘက်မှ အကြောင်းပြန်ကြားခြင်းမရှိဘဲ ရက်ကြာခဲ့ခြင်းသာဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
“RCSS အနေနဲ့ NCA ကို အလေးထားသောအားဖြင့်၊
ငြိမ်းချမ်းရေးကို ဂရုစိုက်သောအားဖြင့် တပ်မတော်ဘက်ကို ဆက်သွယ်ပြီး ပြန်လွှတ်ပေးတာကို
ကျေးဇူးတင်ရမယ့်အစား အခုလို ပြဿနာ ပြန်ရှာတာ မဖြစ်သင့်ဘူးပေါ့။ အရင်တုန်းက တပ်မတော်က
RCSS တပ်ဖွဲ့တွေကို ခဏခဏ ဖမ်းဆီးမိတယ်။ အဲဒါကို တစ်ခါမှ ကောင်းကောင်းမွန်မွန်
ပြန်လွှတ်ပေးတာ မရှိဘူး။ အခြေခံဥပဒေနဲ့ တခြား ဥပဒေတွေကို အကြောင်းပြုပြီးတော့ တရားစွဲ၊
ထောင်ချတာ များတယ်။ အခု ကျွန်တော်တို့က နှိပ်စက်ညှင်းပန်းတာတို့၊ ပြန်မလွှတ်ပေးတာတို့
မရှိပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်းခေးက ပြောသည်။
.
RCSS/SSA သည် ၂၀၁၅ ခုနှစ်ကတည်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
တစ်ခုဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း
တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.