မင်းဇော်မင်း
.
ရှမ်းပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထွက်ခွာမည့် အဆင်းကားများမှ ယာဉ်မောင်းနှင့် ယာဉ်
နောက်လိုက်များ၊ ယာဉ်ပေါ်ပေါလာသူများအား အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းမှစတင်၍ COVID-19 Rapid
Test Kit များဖြင့် စစ်ဆေးပြီး ထောက်ခံစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
“မနက် အစော ၄ နာရီက စ စစ်မယ်။ သာစည်ဘက်အထွက် ဂိတ်ဘက်မှာပဲ။
နေရာကတော့ အရွှေ့အပြောင်း ရှိနိုင်တယ်” ဟု ကလောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူ ဦးကျော်စန်းယုက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်မှ စတင်၍ ရှမ်းပြည်နယ်သို့
ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Rapid Test Kit များဖြင့် COVID-19 စစ်ဆေးခဲ့ရာမှ အောက်တိုဘာလ ၅ ရက်က
စတင်၍ ရှမ်းပြည်နယ်မှ ထွက်ခွာမည့် ကားများကိုပါ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ၎င်းထံက
သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း “ကုန်စည်စီးဆင်းမှုကတော့
အတက်ကားတွေလည်း ပေးတက်နေတယ်။ အဆင်းကားတွေလည်း ပေးဆင်းနေတယ်။ ဒီတစ်ရက် စစ်ပြီးရင်
နောက်ရက်ကျရင် အတက်ကားမစစ်တော့ဘူး။ အဆင်းကားတွေပဲ စစ်မယ်။ စစ်ပြီးတော့ ထောက်ခံချက်
ထုတ်ပေးမယ်” ပြောသည်။
.
“ထောပတ်သီး၊ ပန်းမုံလာ၊ ခရမ်းချဉ်သီးကားတွေက
အဆင်းမရဘူးဆိုလို့ စျေးကွက်ပို့ရဖို့ ပျက်မတတ်ဖြစ်နေတာ။ ခုလိုအဆင်းကား
ဖွင့်ပေးတယ်ဆိုတော့ အရမ်းဝမ်းသာမိပါတယ်။ ပန်းမုံလာက တောင်ပေါ်မှာ တစ်ပွင့် ၂၀၀ ၊ ရန်ကုန်မှာက
တစ် ပွင့် ၁၅၀၀ ရှိနေပြီ။ ကုန်စိမ်းတွေ မြန်မြန်ရောက်ဖို့လိုပါတယ်” ဟု
ရှမ်းပြည်နယ်တောင်ပိုင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ
ဒေါ်စန္ဒာမျိုးက ပြောသည်။
.
အောက်တိုဘာလ ၄ ရက် တွင် ရှမ်းပြည်နယ်အဝင် ကားများကို
နန်းပန်တက်တွင် ရပ်တန့်စေပြီး တိုကင်စနစ်ဖြင့် ကလောမြို့အဝင်ဂိတ်၌ COVID-19 Rapid Test Kit များဖြင့်
စစ်ဆေးပြီးနောက် ဝင်ခွင့်ပြုခဲ့ရာ ညနေ၄ နာရီအထိ ၂၈၆ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment