မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်း၌ Rapid Test Kit အခုရေ ၃၀၀၀ အသုံးပြု၍ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို COVID-19 ပိုး ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
.
ရှမ်းပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပေးပို့လာသည့် Test Kit အရေအတွက်အတိုင်း အစောဆုံး အောက်တိုဘာ ၃ ရက်မှ စတင်၍ စစ်ဆေးသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ကျန်းမာရေးဝန်ကြီးဌာနက သူတို့မှာ ရှိတဲ့ Test Kit ကို ဒီနေ့ (အောက်တိုဘာ ၂ )ရက်မှာ ပို့လာပေးမယ် ပြောတယ်။ ဒါတွေကို စစ်ဆေးဖို့ သင်တန်းတွေပေးဖို့လည်း ရှိတယ်၊ မနက်ဖြန်၊ သဘက်ခါ လောက်ဆို စစ်နိုင်ပါမယ်။ တစ်ယောက်လောက် တွေ့ခဲ့ရင်တော့ အများကြီး Quarantine ဝင်ရမှာပေါ့။ နန်းပန်တက်နဲ့ နောင်ချိုကို အဓိကထား စစ်မယ်၊ ကျန်တဲ့ နေရာတွေကိုတော့ ထပ် မလာရင် စစ်နိုင်မှာ မဟုတ်ဘူး။” ဟု ရှမ်းပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပေးပို့လာမည့် Rapid Test Kit မှာ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ၇၅၀ ခုနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွက် ၂၂၅၀ ခု၊ စုစုပေါင်း ၃၀၀၀ ဖြစ်ပြီး အဆိုပါ Rapid Test Kit များဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ပိုး ရှိ/မရှိ စစ်ဆေးပြီး ထောက်ခံချက်များ ထုတ်ပေးကာ ကုန်တင်ယာဉ်များအား ဆက်လက်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ပြောသည်။
.
အဆိုပါ Rapid Test Kit မှာ ကိုရီးယားနိုင်ငံထုတ် ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ် ပြုထားပြီး ယင်း Test Kit ဖြင့် စစ်ဆေးခြင်းမှာ လက်ရှိ အသုံးပြုနေသည့် RT - PCR (Reverse Transcription Polymerase Chain Reaction) စက်များကဲ့သို့ပင် ဓါတ်ခွဲနမူနာ ရယူ၍ စစ်ဆေးခြင်း ဖြစ်သော်လည်း အချိန် မိနစ် ၃၀ ခန့်အတွင်း COVID-19 ပိုး ရှိ/မရှိ အဖြေ ရရှိနိုင်ကြောင်း သိရသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကလော ၊ ပင်လောင်း၊ ရွာငံနှင့် ရှမ်း/ကယား နယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နောင်ချိုတို့တွင် ရှမ်းပြည်နယ်အစိုးရက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်ကြောင့် ကုန်တင်ယာဉ်များ ပိတ်မိနေသဖြင့် အတတ်နိုင်ဆုံး ဖြေလျှော့ခြင်းသာ ဖြစ်ပြီး အခြားယာဉ်များကိုမူ စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.