Quarantine ဝင်နေသူများ ပုံစံ(၁၅)ဖြင့် ကြိုတင်မဲ ပေးနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

Quarantine ဝင်နေသူများ ပုံစံ(၁၅)ဖြင့် ကြိုတင်မဲ ပေးနိုင်

စုလှိုင်

.

မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိပြီး Quarantine Center အသီးသီး၌ အသွားအလာ ကန့်သတ် နေထိုင်သူများသည် ပုံစံ (၁၅) ဖြင့် ကြိုတင် ဆန္ဒမဲ ပေးနိုင်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

.

“ ကြိုတင်မဲတွေနဲ့ ပေးဖို့ စီစဉ်ထားတယ်။ Quarantine ဝင်နေတဲ့သူတွေ ရှိရင်တော့ ပုံစံ (၁၅)နဲ့ မဲ ပေးရမှာ။ မြို့နယ်ကော်မရှင်ကနေ ပုံစံ(၁၅) တောင်းပြီး ဖြည့်ရမယ်။ မြို့နယ် ကော်မရှင်က သူတို့ရဲ့ သက်ဆိုင်ရာ နေထိုင်ရာ မြို့နယ်ကို ပုံစံ (၁၅) ပို့ပြီးတော့မှ ဟိုဘက်ကလည်း ပုံစံ(၁၅)မှာ ပါတဲ့ အချက်အလက်တွေ မှန်/မမှန် ပြန်စိစစ်ပြီးမှ မှန်တယ် ဆိုရင် သူ့ဆီကနေ ကြိုတင်မဲကို ကျွန်တော်တို့ဆီ ပို့ပေး။ ဒီကနေ Quarantine Center ကို သွားပြီး ကြိုတင်မဲ ပေးဖို့ လုပ်ပေးရမှာပေါ့။ အဲဒီမဲကို သက်ဆိုင်ရာ သူ့မြို့နယ်ကို ပြန်ပို့ပေးရမှာပေါ့။”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

ထို့အပြင် လက်ရှိ ရောက်ရှိနေသည့် မြို့နယ်မှ  မြို့ခံမဲဆန္ဒရှင်များ အနေဖြင့်လည်း Quarantine ဝင်ရောက်နေပါက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် စီစဉ်ထားပြီး ကြိုတင်ဆန္ဒမဲ ပေးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ COVID -19 လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

.

COVID- 19 ပိုးတွေ့ အတည်ပြုလူနာများ ဆန္ဒမဲပေးရန်အတွက် နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားတွင်လည်း ထုတ်ပြန်ကြေညာထားပြီး ဆေးရုံ၌ ဖြစ်စေ၊ သက်ဆိုင်ရာ Quarantine Center တွင် ဖြစ်စေ ဆန္ဒမဲပေးရာ၌ လူနာနှင့် ကြိုတင်ဆန္ဒမဲ သွားရောက် ယူဆောင်သည့် တာဝန်ရှိသူများသည် Mask၊ Faceshield နှင့် PPE ဝတ်စုံများ ဝတ်ဆင်၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၃၆ သိန်းကျော် ရှိပြီး နောက်ဆုံးအခြေအနေ စာရင်း အတိအကျကိုမူ ရေတွက်၊ စိစစ်နေဆဲ ဖြစ်ခြင်းကြောင့် အတည်မပြုနိုင်သေးကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

.

Journal Download

Photo of three cats