ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ မည်သည့်ဒေသမှမဆို ရှမ်းပြည်နယ်အရှေ့ပိုင်းသို့
ဝင်ရောက်လာသူအားလုံး Quarantine ၁၄ ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
“ဒီနေ့ ထွေအုပ်မှာ အစည်းအဝေးလုပ်တယ်။ ရှမ်းအရှေ့ကိုလာတဲ့သူအားလုံး
Quarantine ဝင်ဖို့ ဆုံးဖြတ်မယ် လို့တော့ ကြားရပါတယ်။ ရှမ်းပြည်နယ်ရဲ့ ဘယ်မြို့ကနေ
မဆို ရှမ်းရှေ့ကို ဝင်ရောက်လာရင် Quarantine ၁၄ ရက် ဝင်ရောက် ရမှာ ဖြစ်ပါတယ်။ စစ်ဆေးပြီး
အဖြေတွေ ပါရင်လည်း ဝင်ရမှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ယနေ့ အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင်
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူအရေအတွက်
မြင့်တက်လာနေပြီး ရှမ်းပြည်နယ် တောင်ပိုင်းဒေသအတွင်း၌လည်း ရောဂါပိုး တွေ့ရှိသူ များပြားလာနေသည့်အတွက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသသို့ ရောဂါကူးစက်မှု မရှိစေရန် ယင်းကဲ့သို့ ကန့်သတ်ထားခြင်းဖြစ်ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ အဓိက ဝင်ရောက်နိုင်သည့် လမ်းကြောင်း
၂ ခုရှိပြီး တောင်ကြီး-နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းနှင့် တောင်ကြီး-နမ့်စန်-မိုးနဲ-လင်းခေး-မိုင်းပန်-မိုင်းတုံလမ်းတို့ဖြစ်ကြောင်း
သိရသည်။
.