သမ္မတကို ဘယ်သူ ခန့်တာလဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

သမ္မတကို ဘယ်သူ ခန့်တာလဲ

■ ဇေတိုင်း ရေးသည်။

လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်တာကြောင့် ရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံ သို့မဟုတ် အစိုးရရဲ့ ပထမဆုံး အဆင့်က ရွေးကောက်ပွဲလို့ ဆိုလိုနိုင်ပါတယ်။ ဒါ့ကြောင့် မဲဆန္ဒရှင် ပြည်သူများဟာ မိမိတို့ နှစ်သက်ရာ လူပုဂ္ဂိုလ်၊ ပါတီကို အကြောက်အရွံ့ မရှိ လွတ်လွတ်လပ်လပ်နဲ့ မဲပေး ရွေးချယ်ခွင့် ရှိကြပါတယ်။ “ထီ မထိုးဘဲနဲ့ ထီ ပေါက်ချင်လို့ မရဘူး” ဆိုသလို မဲ မပေးဘဲနဲ့ ကိုယ်လိုချင်တဲ့ အစိုးရမျိုးကို မရနိုင်ပါဘူး။


 

ဆန္ဒမဲ

ဆန္ဒမဲ ပေးပိုင်ခွင့် ရှိတဲ့ နိုင်ငံသားတိုင်းဟာ ဆန္ဒမဲ ၃ မဲစီ ပေးကြရပါမယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ နေထိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အတွက် ၁ မဲ ထပ်ပြီး ပေးပိုင်ခွင့် ရှိပါသေးတယ်။ ဥပမာ - ရှမ်းပြည်နယ်မှာဆိုရင် ကချင်၊ ကယန်း၊ အင်း၊ ပလောင်၊ အာခါ၊ လားဟူ၊ ဗမာ စတဲ့တိုင်းရင်းသားတွေဟာ ဆန္ဒမဲ ၄ မဲ ပေးကြပါရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်ဆိုတာဟာ မဲဆန္ဒရှင်ပြည်သူတွေက တစ်မြို့နယ်ကို တစ်ဦးနှုန်းနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေလည်း ပါဝင်ကြပါမယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၀၀ ဦး၊ စုစုပေါင်း ၄၄၀ ဦး ပါဝင်ကြပါတယ်။

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ဆိုတာဟာ မဲဆန္ဒရှင်ပြည်သူတွေက တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်အလိုက် ၁၂ ဦးနှုန်းစီနဲ့ ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ပြည်သူ့လွှတ်တော်မှာလိုပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါဝင်တာကြောင့် အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ၂၂၄ ဦး ပါဝင်ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုလွှတ်တော် ဆိုတာကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်းထားတာကို ခေါ်ဆိုတာပါ။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦး ပါဝင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၃၃၀ ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၁၆၈ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ ၁၆၆ ဦး ရှိကြပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၃၃၀ ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၁၆၈ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ ၁၆၆ ဦး ရှိကြပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ဆိုတာဟာ တစ်မြို့နယ်ကို ၂ ဦးနှုန်းစီနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်စုဖွဲ့ထားတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် မြို့နယ် တည်ရှိမှု မတူညီတာကြောင့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်လည်း မတူညီကြပါဘူး။

သမ္မတ ရွေးချယ်ခြင်း

သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကပဲ ရွေးချယ်ခန့်အပ်ပါတယ်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဆိုတာကလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ အားလုံးနဲ့ ဖွဲ့စည်းထားတာပါ။ သမ္မတကို တိုက်ရိုက်ရွေးချယ်ခန့်အပ်တာ မဟုတ်ဘဲ ဒုသမ္မတ ၃ ဦးကို အရင် ရွေးချယ်ကြရပါတယ်။ ပြည်သူ့လွှတ်တော်မှာ ရှိတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဒုသမ္မတ ၁ ဦး၊ အမျိုးသားလွှတ်တော်မှာ ရှိတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဒုသမ္မတ ၁ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ဒုသမ္မတ ၁ ဦး၊ စုစုပေါင်း ဒုသမ္မတ (သို့မဟုတ်) သမ္မတလောင်း ၃ ဦးကို ရွေးချယ်ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အဲဒီ ၃ ဦးထဲက ၁ ဦးကို သမ္မတ၊ ကျန်တဲ့ ၂ ဦးကိုတော့ ဒုသမ္မတတွေ အဖြစ် ရွေးချယ်ခန့်အပ်ကြတာ ဖြစ်ပါတယ်။

ဘယ်လို ရွေးချယ်ကြလဲ ဆိုရင်တော့ ဒီမိုကရေစီစနစ်အရ မဲပေးရွေးချယ်ကြတာ ဖြစ်လို့ ကိုယ်စားလှယ် အများဆုံး နေရာ ရရှိတဲ့ ပါတီ သို့မဟုတ် အစုအဖွဲ့က သမ္မတ ဖြစ်မှာပါ။ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်က စုစုပေါင်း ၆၆၄ ဦး ရှိတာကြောင့် ၃၃၃ ဦးသော ကိုယ်စားလှယ် ရှိတဲ့ ပါတီ သို့မဟုတ် အစုအဖွဲ့ကသာ သမ္မတကို ခန့်အပ်နိုင်မှာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်က စုစုပေါင်း ၆၆၄ ဦး ရှိတာကြောင့် ၃၃၃ ဦးသော ကိုယ်စားလှယ် ရှိတဲ့ ပါတီ သို့မဟုတ် အစုအဖွဲ့ကသာ သမ္မတကို ခန့်အပ်နိုင်မှာပဲ ဖြစ်ပါတယ်။
သမ္မတနဲ့ ဒုသမ္မတတွေကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ခန့်အပ်တာ ဆိုပေမဲ့ သမ္မတဟာ လွှတ်တော်ကိုယ်စားလှယ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ရွေးချယ်ခန့်အပ်ခွင့် ရှိပါတယ်။

နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတဲ့ အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းချုပ်နဲ့ ဒုဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီး စသဖြင့် ခန့်အပ် တာဝန်ပေးပါတယ်။ သို့သော်လည်းပဲ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်း/ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေကိုတော့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသူကိုပဲ ခန့်အပ်ရပါတယ်။

ပြည်သူသည်သာ အဓိက

အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို မဲဆန္ဒရှင် ပြည်သူတွေဟာ တိုက်ရိုက် မဲပေးရွေးချယ်ခွင့် မရပေမဲ့လည်း ပြည်သူက မဲပေးရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက သမ္မတကို ခန့်အပ်ပေးကြရတာပါ။ ဆန္ဒမဲ ပေးပြီး မိမိတို့ ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့် ရှိတာဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတကို ခန့်အပ်ဖို့ နိုင်ငံသားတွေရဲ့ အမြင့်ဆုံးသော အချုပ်အခြာအာဏာပဲ ဖြစ်ပါတယ်။ လက်ရှိ အခြေခံဥပဒေမှာလည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် သမ္မတကို ပြည်သူကသာ ပြည်သူ့ကိုယ်စားလှယ်တွေက တဆင့် ခန့်အပ်တာ ဖြစ်လို့ သမ္မတခန့်ဖို့ မဲရုံကို သွားကြပါစို့၊ မဲပေးကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်

Journal Download

Photo of three cats