ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ တောင်ကြီး၊ သီပေါနှင့် ကျိုင်းတုံမြို့နယ်တို့တွင် Public, Private, Partnership (PPP) စနစ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
ယင်း PPP စနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အဝေးပြေး ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တည်ဆောက်ခြင်း၊ အေးသာယာ (ထုံးဖိုဈေး) အဆင့်မြှင့်တင် တည်ဆောက်ခြင်း၊ သီပေါမြို့နယ် နမ့်လန်မြို့မဈေးသစ် တည်ဆောက်ခြင်းလုပ်ငန်း၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးခန်းမ ကားပါကင်နှင့် ဈေးဆိုင်ခန်းများ ပါဝင်မည့် ၃ ထပ် အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများမှာ ထိန်သာဆောက်လုပ်ရေးကုမ္ပဏီ၊ Excellent Myanmar Development Group Co.,Ltd ၊ ရှမ်းပြည်အလှကုမ္ပဏီနှင့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ဖြစ်ကာ ယင်းအနက် ရှမ်းပြည်အလှကုမ္ပဏီမှ ဆောင်ရွက်သော သီပေါမြို့နယ် နမ့်လန်မြို့မဈေးသစ်ကို ဇန်နဝါရီလအတွင်းက ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
“ PPP စနစ်ဆိုတာက Public, Private, Partnership ပေါ့။ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပုဂ္ဂလိကတွေကို တည်ထောင်ပြုစုပေးနေတယ်။ အစိုးရဌာနတွေ၊ စည်ပင်လို ဌာနတွေနဲ့ ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းပြီး လုပ်တာပေါ့။ အချိန်နဲ့အမျှ လူတွေရဲ့ လိုအပ်ချက်လုပ်ငန်းတွေက အများကြီးရှိတော့ စည်ပင်သာယာလို ဌာနမျိုးမှာ ဈေးတွေ၊ ကားကြီးကွင်းတွေ၊ ယာဉ်ကြီးရပ်နားစခန်း၊ ယာဉ်ငယ် ရပ်နားစခန်းတွေ ဆောက်ဖို့ ရှိတယ်။ ကျန်တဲ့လုပ်ငန်းတွေလည်း အများကြီး ကျန်သေးတယ်။”ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
PPP စနစ်မှာ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းများ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု၊ အစိုးရဌာနများမှ မြေနေရာ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အကျိုးခံစားခွင့်အား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အချိုးအစားအပေါ် မူတည်၍ ရယူခြင်း ဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးဌာနမှာ အစိုးရဘက်၊ ပြည်သူဘက်ကသာ ဖြစ်ကာ ရသင့်ရထိုက်သည်များ ရ၍ အခြေခံအဆောက်အအုံများ ဒေသဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးစိုင်းထွန်းထွန်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိသော အဖွဲ့အစည်း ဖြစ်ပြီး ပြည်နယ်စည်ပင်သာယာရေးကော်မတီ ၁ ဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီရုံးခွဲ ၂ ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၅၀ ဖွဲ့ ရှိကာ စည်ပင်သာယာရေးဌာန အနေဖြင့် လက်ရှိအစိုးရ သက်တမ်း ကာလအတွင်း၌ အခွန်ကောက်ခံ ရရှိငွေ ကျပ်သန်းပေါင်း ၁၀၅၅၃၈ ဒသမ ၀၂၈ ရှိကာ ငွေလုံးငွေရင်း သုံးစွဲငွေ ကျပ်သန်းပေါင်း ၁၃၃၂၆၈ ဒသမ ၅၇၀ ရှိကြောင်း ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အချက်အလက်များအရ သိရသည်။
.