လူထုဘဝ အဆင်ပြေရေးသည် အဓိကဖြစ် ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 25, 2020

လူထုဘဝ အဆင်ပြေရေးသည် အဓိကဖြစ် ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ပြောကြား

ဆိုင်းနှောင်

.

ဆင်းရဲမွဲတေခြင်းသည် ရာဇဝတ်မှုများကို ထူပြောစေသောကြောင့် မိမိတို့ပါတီ အနေဖြင့် လူထုဘဝ အဆင်ပြေရေးအတွက် အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း ဦးမောင်မောင်က ပြောဆိုခဲ့သည်။

.

.

“ကျွန်တော်တို့ကတော့ လူထုဘဝ အဓိကထားတဲ့အတွက် လမ်းသွယ် ၂၀ ချမှတ်ပြီး ဆောင်ရွက်ပါမယ်။ အနိုင်ရခဲ့ရင်တော့ လမ်းသွယ် ၂၀ ကို အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ လူထုဘဝ အဆင်ပြေနေ မှလည်း တိုင်းပြည်အေးချမ်းမှာပါ။ ပြည်သူတွေ အဆင်ပြေမှသာ ရာဇဝတ်မှုတွေ ပပျောက်မှာပါ” ဟု ဦးမောင်မောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပါတီများနှင့် ပြည်မပါတီကြီးများ အားကောင်းလျက်ရှိသောကြောင့် သက်တမ်းနုနယ်သေးသော PPP ပါတီ အနေဖြင့် ရုန်းကန်ရနိုင်ကြောင်းနှင့် မဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ပါတီမူဝါဒ အပြင် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းကိုပါ ကြည့်၍ မဲပေးရန် လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ပြည်သူ့ရှေ့ဆောင်ပါတီသည် ရှမ်းပြည်နယ်အတွင်း အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)နှင့် အမှတ် (၄)တွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်အတွက် တောင်ကြီး၊ ရပ်စောက်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်အတွက် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် (၂)၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် (၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်သူ့ရှေ့ဆောင်ပါတီအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် ပါတီ မှတ်ပုံတင်အမှတ် (၁၂၂)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About