PNO အနေဖြင့် ရွေးကောက်ပွဲတွင် မဟာမိတ်ထားမည် မဟုတ်ဘဲ လွှတ်တော်အတွင်း ရောက်မှသာ ပူးပေါင်း ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 11, 2020

PNO အနေဖြင့် ရွေးကောက်ပွဲတွင် မဟာမိတ်ထားမည် မဟုတ်ဘဲ လွှတ်တော်အတွင်း ရောက်မှသာ ပူးပေါင်း ဆောင်ရွက်မည်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့် ရွေးကောက်ပွဲတွင် မဟာမိတ်ထားမည် မဟုတ်ဘဲ လွှတ်တော်အတွင်း ရောက်ရှိမှသာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

“ ၂၀၂၀ မှာတော့ မရှိပါဘူး၊ လူထုထောက်ခံမှုနဲ့အတူ ရွေးကောက်ပွဲ ဝင်တယ်၊ အနိုင်ရလို့ လွှတ်တော်ထဲ ရောက်တဲ့အခါမှာ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာပေါ့၊ လွှတ်တော်ထဲရောက်မှ အားလုံးကို ပူးပေါင်း ဆောင်ရွက်မယ်လို့ မူကိုပဲ ချထားပဲတယ်။” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


လာမည့် ရွေးကောက်ပွဲတွင် PNO ပါတီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များရှိ မဲဆန္ဒနယ်များ အပါအဝင် စုစုပေါင်း ၂၈ နေရာတွင် ပါဝင် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကာ ယင်းမဲဆန္ဒနယ်များအနက် ၂၁ နေရာအထိ အနိုင် ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

.

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပါတီ ဥက္ကဌ ဦးခွန်စံလွင်၊ ပါတီနာယက ဦးအောင်ခမ်းထီ၏ သားဖြစ်သူ ခွန်အောင်ကျော်နှင့် သမီးဖြစ်သူ နန်းရီရီဝင်းတို့လည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

.

“ ကျွန်တော်တို့ PNO ရဲ့ မူဝါဒထဲမှာ လူငယ်နဲ့ ပတ်သက်တဲ့ မူဝါဒ၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ရှိတယ်။ အဲထဲမှာ ပါတီရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ လူငယ်တွေ ပါဝင်ဖို့ ပါဝင်ပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးအခန်းကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့ ပါတီထဲမှာ ဦးဆောင်တဲ့အထဲမှာ ပါဝင်ဖို့အတွက် ကျွန်တော်တို့ ပါတီမူဝါဒ ရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ အဲဒါနဲ့ အံဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ပြည်သူကလည်း လိုလားတဲ့အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။”ဟု စောခွန်ကျော်ဝင်းက ပြောသည်။

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း၌ ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် PNO သည် ရာနှုန်းပြည့် အနိုင် ရရှိပြီး ဒေသဦးစီးအဖွဲ့ ဥက္ကဌတာဝန်အား ပါတီဥက္ကဌ ဖြစ်သူ ဦးခွန်စံလွင်မှ သက်တမ်း ၂ ခုဆက် တာဝန်ယူ ဆောင်ရွက်နေလျက် ရှိသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About