ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်တွင် ဖြတ်သန်းသွားလာနေသော
ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား Rapit Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ်
ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ PNO မဲဆွယ်စည်းရုံးရေး အင်အားပြရာတွင် ပါဝင်ဖူးသူ ဟိုပုံးမြို့နေ ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်ဟု သိရသည်။
.
အဆိုပါ ယာဉ်မောင်းသည် ဟိုပုံးမြို့တွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်က
PNO ပါတီ၏ စည်းရုံးရေး အင်အားပြ လှည့်လည်ရာတွင် ပါဝင်ဖူးသူဖြစ်သဖြင့် ထိတွေ့သူ
များပြားနိုင်သည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
“သူက ဟိုပုံးမှာ အမြဲနေတာပါ။ မနေ့ကမှ ရှမ်းရှေ့ကို သွားတော့ မိုင်းပျဉ်းမှာစစ်တဲ့အချိန်
Positive တွေ့တာ ပါ။ ဟိုပုံးမှာ ထိတွေ့ခဲ့သူ များတဲ့အတွက် လိုက်ရှာနေတာ အခုထိတော့ ၁၂
ယောက်လောက် ရထားပါပြီ။ သူတို့ကို Quarantine ထားပြီး Swab
စစ်ဖို့ လုပ်နေပါတယ်။ အဓိက ကတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ တတ်နိုင်သမျှ
လူနည်းနည်းနဲ့ သွားဖို့၊ နှာခေါင်းစည်း (Mask) တပ်ဖို့၊ လမ်းမှာ
စားသောက်တာတွေ မလုပ်ဖို့ လိုအပ်ပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ နိုင်ငံရေးပါတီများ၏ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှုများနှင့်
ပတ်သက်၍ ဒေသခံများမှ ဝေဖန်မှု များ ရှိနေသော်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ
အင်အားပြ လှည့်လည်မှုများလည်း ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယမန်နေ့ (အောက်တိုဘာလ
၂၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၆၂၀၀ ဦး ရှိကာ၊ ယင်းအနက် ၁၁၂၂ ဦး သေဆုံး၍ ၂၆၀၀၇
ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment