စုလှိုင်
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းတောင် ကျေးရွာတွင် အောက်တိုဘာလ
၅ ရက်၊ ညပိုင်းက ကျေးရွာ၏ ရန်ပုံငွေစာရင်းရှင်းတမ်း တောင်းယူကြည့်ရှုသည့် ကိစ္စအား
မကျေနပ်၍ နေအိမ်တစ်လုံးအား ခဲဖြင့် ဝိုင်းဝန်းပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“ပြီးခဲ့တဲ့ ၇ လပိုင်းလောက်တုန်းက
စာရင်းတွေ ရှင်းခိုင်းတဲ့ကိစ္စကို သူတို့က မကျေနပ်ဘူး။ လျှပ်စစ်မီး ကြေးတွေ၊ နယ်စပ်
ရေးရာဝန်ကြီးဌာနက သောက်သုံးရေ ချထားပေးတာကို တစ်လ တစ်ထောင် ကောက်တဲ့ ရန်ပုံငွေတွေ ဘယ်လောက်
ရှိလဲလို့ ရွာသူရွာသားတွေရဲ့ မေးမြန်းချက်အရ ကျွန်တော်က မေးမိတယ်။ အဲဒါကို မကျေနပ်လို့
ရွာသူရွာသားတွေကို အစည်းအဝေးခေါ်ပြီး ကျွန်တော့်အိမ်ကို ရွာကနေ ပယ်လိုက်တယ်။ နောက်ပြီးတော့
ကျွန်တော့် အိမ်ဝိုင်းထဲမှာ တစ်ဦးက ပြီးခဲ့တဲ့ ၅ လပိုင်းကတည်းက ဝင်ရောက်ကျူးကျော်ထားတယ်။
အဲဒါကို အောက်တိုဘာလ ၅ ရက်မနက်ပိုင်းမှာ အမှုဖွင့်လိုက်တယ်။ အဲဒါကြောင့် ရာအိမ်မှူး
ဦးဌေးဝင်းနဲ့ အဖွဲ့က လူစုရုံးပြီး ကျွန်တော့်အိမ်ကို ခဲနဲ့ ဝိုင်းပစ်တာပါ” ဟု ခဲဖြင့်
ပစ်ပေါက် ခံရသည့် အိမ်မှ အိမ်ရှင် ဦးဇင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ခဲများဖြင့်
ဝိုင်းဝန်းပစ်ခတ်မှုကြောင့် နေအိမ် ပြတင်းပေါက်မှန်များ အားလုံး ကွဲသွားခဲ့ပြီး ခဲဖြင့်
ပစ်ပေါက် သူများက နေအိမ်တံခါးအား ဖျက်ဆီး၍ အိမ်အတွင်းဝင်ရောက်ရန် ကြိုးပမ်းရာ ၎င်းတို့
မိသားစုမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် ဓါးဖြင့် ခုတ်ခဲ့ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း
ဦးဇင်အောင်က ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
သရက်ကုန်းတောင် ကျေးရွာမှ ရာအိမ်မှူး ဦးဌေးဝင်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင်
“အဲဒီနေ့က ကျွန်တော် မပါပါဘူး။ ဖြစ်တဲ့ကိစ္စ အစောပိုင်းမှာ ကျွန်တော်အိပ်နေပါတယ်။ အဲဒီလိုမျိုး
ဖြစ်နေတာ အသံတွေကြားတော့ ဌာနဆိုင်ရာတွေကို အကြောင်းကြားပေးပါတယ်။ အဲဒီလိုဖြစ်အောင်
ကျွန်တော် နှိုးဆော်တာလည်း မရှိပါဘူး။ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်နေပါတယ်”
ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
“ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ကျေးရွာ လမ်းခင်းတဲ့ကိစ္စရယ်၊ ရေကော်မတီရယ်၊ မီးကော်မတီရယ် ငွေကြေး ကောက်တာကို စာရင်းဇယားမရှိဘူးဆိုပြီး
ဖြစ်တာပါ။ သူက ရွာခံမဟုတ်ဘူး။ သူရောက်လာမှ အမှုဖွင့်တာတို့၊ ပြဿနာ ရှာတာတို့ ဖြစ်တယ်ဆိုပြီး
ရွာသားလူငယ်တွေက သူ့အိမ်ကို ဝိုင်းပြီး ခဲနဲ့ပေါက်တာပါ” ဟု ပင်းတယမြို့မရဲစခန်းမှူး
ဒုရဲမှူး သက်ဆွေက ပြောသည်။
.
ယင်းကဲ့သို့ နေအိမ်အား
ခဲဖြင့် ဝိုင်းဝန်းပစ်ခတ်မှုနှင့် ပတ်သက်၍ ဦးဇင်အောင်မှ ကျေးရွာသား ၁၃ ဦးအား အောက်တို
ဘာလ ၆ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂/၄၂၇/၂၉၄/၅၀၆/၃၂၃/၁၀၄ တို့ဖြင့် ပင်းတယမြို့မရဲစခန်းတွင်
အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။
.
“ဦးဇင်အောင်ကလည်း သူ့အိမ်ထဲက
ငှက်ကြီးတောင်ဓါးနဲ့ ခုတ်လိုက်တော့ ရွာသား ၂ ဦး ဒဏ်ရာရသွားတယ်။ တစ်ယောက်က ဒဏ်ရာ ပြင်းထန်လို့
စဝ်စံထွန်းဆေးရုံမှာ ဆေးကုနေတယ်။ တစ်ယောက်က ပင်းတယဆေးရုံ မှာပါ” ဟု ဒုရဲမှူး သက်ဆွေက
ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ဓါးဖြင့် ခုတ်ခံရသူ
၂ ဦးမှလည်း ဦးဇင်အောင်အား ပြန်လည်အမှုဖွင့်တိုင်တန်းနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည်ဟု
သိရသည်။
.