ကိုအောင်မိုး (ရွှေဖီမြေ)
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
နမ့်စန်မြို့နယ်၊ အနောက်ကင်းကျေးရွာနှင့် မြို့သစ်ကျေးရွာတို့တွင် ယမန်နေ့ အောက်တိုဘာလ
၂ ရက်၊ နံနက်ပိုင်းက မြစိမ်းရောင် အရင်းမပျောက် ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးမှုကို နမ့်ဆန်မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်သန်းနှင့် မြစိမ်းရောင်ရန်ပုံငွေ
ကြီးကြပ်မှုကော်မတီတို့က ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို
ဆောင်ရွက်ရာတွင် ကျေးရွာလူထုတို့၏ လူနေမှုဘဝ တိုးတက် မြင့်မားလာရေး၊ အသေးစားစီးပွားရေးလုပ်ကိုင်သူများ၊
တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူသူများ၊ လက်ဖက် တောင်သူ များတို့၏ လုပ်ငန်းကို
တဖက်တလမ်း အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အရင်းမပျောက် အတိုးနည်းချေးငွေ
မြစိမ်းရောင်ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ မတည်ပေးကာ မြစိမ်းရောင် ရန်ပုံငွေမှ
ရရှိလာသော အတိုးငွေ များကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပြန်လည်သုံးစွဲ
ဆောင်ရွက်စေခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုလာစေမည်ဖြစ်ကြောင်းသိရသည်။
.
ထို့အတူ ယခုကဲ့သို့ COVID-19 ရောဂါ ဖြစ်ပွားနေသည့်
ကာလတွင် ကျေးလက်နေပြည်သူများတို့ကို အတိုးနည်းသည့် မြစိမ်းရောင်ရန်ပုံငွေ
ထုတ်ချေးပေး နိုင်သည့်အတွက် ကျေးရွာပြည်သူလူထုများကို များစွာအထောက်အကူပြုစေမည်
ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
.
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
မြစိမ်းရောင်ရန်ပုံငွေ မတည်ပေးခြင်းကို နမ့်ဆန်မြို့နယ်အတွင်းရှိ အိမ်ခြေ ၈၀ ကျော်ရှိသည့်
ကျေးရွာပေါင်း ၁၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်ရွာလျှင်
မြစိမ်းရောင်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီ မတည် ပေးထားကာ ကျေးရွာလူထုတို့၏
လူနေမှုဘဝကို မြှင့်တင် ပေးလျက်ရှိကြောင်းသိရသည်။
.