ခွန်သန်းအောင်၊ စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ယနေ့
အောက်တိုဘာလ ၃၀ ရက်၊ နံနက်ပိုင်းက အမျိုးသား ၂ ဦးထံမှ COVID-19 ရောဂါပိုး
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာ ၂ ဦးအနက် တစ်ဦးမှာ
တီကျစ်ကျောက်မီးသွေးစက်ရုံ၌ အလုပ် လုပ်ရန် လာရောက်သည့် ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နေ အသက် ၄၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကျန် တစ်ဦးမှာ မန္တလေးမြို့မှ
တောင်ကြီးမြို့သို့ လာရောက်သည့် အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း အမျိုးသားတို့
ဖြစ်ကြောင်း သိရသည်။
.
“ဒီနေ့ ၂ ယောက် တွေ့ပါတယ်။ ပထမတစ်ယောက်က Light
Truck နဲ့လာတာ။ ပင်လောင်း တီကျစ်စက်ရုံမှာ အလုပ် သွားလုပ်မယ့်အဖွဲ့ထဲကပါ။
သူတို့အတွက်က ဟိုမှာ Quarantine ပြင်ထားပြီးသား၊ ဒီမှာ ဝင်စစ်သွားတဲ့
သဘောပေါ့။ စစ်လိုက်တော့ Positive ထွက်တယ်။ အဲဒီတော့ ၁၀ ယောက်ကို တီကျစ်
Quarantine Center ကို ပို့လိုက်တယ်။ Positive ကတော့ ကလောဆေးရုံမှာပဲ
ကုမယ်။ နောက်တစ်ယောက်က မန္တလေးက ပြန်လာ တဲ့ ကားကြီးပါ။ သူက တစ်ယောက်ထဲပဲ။ Contact
မပါပါဘူး” ဟု နန်းပန်တက်စစ်ဆေးရေးဂိတ် တာဝန်ကျ ကလော ပြည်သူ့ဆေးရုံမှ ဒေါက်တာ
စောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းကလည်း “၂
ယောက်တွေ့တာ ဟုတ်ပါတယ်။ ရန်ကုန်က လာပြီး တီကျစ်ကို သွားမယ့်အဖွဲ့ထဲကပါ။ နောက်တစ်ယောက်ကလည်း
တောင်ကြီးကို သွားမှာပါ” ဟု အတည်ပြု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်းသို့ ဝင်ရောင်လာသော
ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ကလောမြို့နယ်၊
နန့်ပန်တက် စစ်ဆေးဂိတ်တွင် Rapid Test Kit ဖြင့် COVID-19 ရောဂါ
ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.