ညွန့်ပေါင်းတဲ့လား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 26, 2020

ညွန့်ပေါင်းတဲ့လား

■ မင်းဇော်မင်း ရေးသည်။

.

ညွန့်ပေါင်း ဆိုသည်ကို နားခါး သူများ ရှိသလို နားဝင် ချိုသူများလည်း ရှိသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု တွင် Hybrid Control အနေဖြင့် ၂၀၁ခုနှစ် ပထမအကြိမ်အစိုးရ လက်ထက်ကပင်  ပြည်ထောင်စုတွင် အပြည့်အ၀ တာဝန်ယူခြင်းထက် ပြည်နယ်/တိုင်းဒေသကြီးများ အနက် ညွန့်ပေါင်းပုံစံ ကျင့်သုံးခဲ့သည်မှာ ရှမ်းပြည်နယ်အစိုးရပင် ဖြစ်သည်ဟု ညွှန်းဆိုချင်ပါသည်။

.

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရကို အနိုင်ရ USDP ပါတီ တစ်ခုတည်းဖြင့် ဖွဲ့စည်းချင်း မဟုတ်ဘဲ အဆိုပါကာလက ရှမ်းတိုင်းရင်းသားပါတီ တစ်ခုတည်းသာ ရှိသည့် ကျားဖြူပါတီမှ ပြည်နယ်ဝန်ကြီး ၂ နေရာ ကိုပါ ထည့်သွင်း ဖွဲ့ခဲ့ခြင်းဖြစ်ရာ ယင်းကိုပင် ညွှန့်ပေါင်းအစိုးရ အဖြစ် ဆိုလိုခြင်း ဖြစ်သည်။

.


 ၂၀၁၀ ရွေးကောက်ပွဲ ကာလက NLD နှင့် SNLD ကျားခေါင်းပါတီတို့ ရွေးကောက်ပွဲ ဝင်သည့် အနေအထားတွင် လွှတ်တော်ထိုင်ခုံများ ရရှိခဲ့သည့်အတွက် အနိုင်ရ USDP မှ ရသူအကုန်ယူ မပြုခဲ့ဘဲ Power Sharaing လုပ်ခဲ့ခြင်းမှာ ညွန့်ပေါင်းအစိုးရအ နေအထားပင် ဖြစ်သည်။( ဤနေရာတွင် ကြုံ၍ ဆိုရလျှင် ကျားဖြူပါတီမှ ပြည်နယ်ဝန်ကြီးတစ်နေရာကို အမျိုးသမီး တစ်ဦးအား ခန့်ရန် ကြံဆခဲ့ကြသော်လည်း မခန့်နိုင်ခဲ့ခြင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အမျိုးသမီးဝန်ကြီးတစ်ဦး ပါဝင်ခဲ့သည်ဆိုသည့်  နိုင်ငံရေးမော်ကွန်း မတင်နိုင်ခဲ့သဖြင့် သမိုင်း တစ်ဖူ နာခဲ့သည်ဟု ဆိုနိုင်ပေသည်။)

.

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အနိုင်ရ NLD အစိုးရသည်လည်း ရှမ်းပြည်နယ်အစိုးရတွင် USDP မှ ပြည်နယ်ဝန်ကြီး ၃ နေရာကို အာဏာခွဲဝေပေးခြင်းဖြင့် ညွန့်ပေါင်းစနစ်ကို ကျင့်သုံးခဲ့ပေသည်။ ယင်းကာလက အငြင်းပွားမှုများ ရှိခဲ့သော်လည်း အသိအမှတ် ပြုရမည် ဖြစ်ပေသည်။

.

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံး အနိုင် ရရှိ၍ အစိုးရ ဖွဲ့နိုင်သည့် NLD ပါတီသည် ရှမ်းပြည်နယ်တွင် တတိယနေရာသာ ရရှိခဲ့ပြီး ရှမ်းပြည်နယ်တွင် ဒုတိယနေရာ အများဆုံး အနိုင် ရရှိသည့် SNLD ကမူ ပြည်နယ်ဝန်ကြီးနေရာတွင် ပါဝင်ခြင်း မရှိခဲ့သည်ကမူ ထူးခြားဖြစ်စဉ် ဖြစ်ပေသည်။

.

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံး အနိုင် ရရှိ၍ အစိုးရ ဖွဲ့နိုင်သည့် NLD ပါတီသည် ရှမ်းပြည်နယ်တွင် တတိယနေရာသာ ရရှိခဲ့

ရသူ အကုန်ယူ( first –past-the-post) စနစ်တွင် မဲအများဆုံး ရသည့်ပါတီက အစိုးရ ဖွဲ့နိုင်ပြီး အစိုးရ ဖွဲ့နိုင်အောင် နေရာ မရပါက ညွန့်ပေါင်းအစိုးရ ဖွဲ့ရသည်။ coalition government စနစ်သည် အစိုးရကောင်းနှင့် အတိုက်အခံကောင်း၊ အစိုးရကောင်းနှင့် အတိုက်အခံ မကောင်း၊ အစိုးရမကောင်းနှင့် အတိုက်အခံကောင်း အခြေအနေများကို ကျော်လွန်ကာ အစိုးရ မကောင်းနှင့် အတိုက်အခံ မကောင်း အခြေအနေ တစ်ရပ်သို့ တွန်းပို့နိုင်စွမ်း ရှိသည်ဟု နိုင်ငံရေးသမား အများစုက သုံးသပ်ကြသည်။ ယင်းသို့ ဖြစ်ရသည်မှာ အတိုက်အခံများ ကိုယ်တိုင် အစိုးရ ဖြစ်လာပြီး လွတ်တော်အတွင်း အားပြိုင်မှုများ အပြင် အစိုးရအတွင်း အားပြိုင်မှုများ ဖြစ်ပွားလာကာ နိုင်ငံရေးချိန်ခွင်လျှာ မငြိမ်မသက် ဖြစ်တတ်သည်ဟု နိုင်ငံရေးသမားအများစုက ယူဆကြသည်။

.

SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်က လက်ရှိလွှတ်တော်တွင် NLD ၅၈ ရာခိုင်းနှုန်းကျော်၊ USDP ရာခိုင်နှုန်းကျော်နှင့် တိုင်းရင်းသားပါတီများ စုပေါင်း ၉ ရာခိုင်နှုန်း ရှိသည်ဖြစ်ရာ လာမည့် ၂၀၂၀ တွင် နိုင်ငံရေး ပူးပေါင်းမှု လုပ်ဆောင်နိုင်စွမ်း ဖြစ်ပေါ်လာပါက ဖက်ဒရယ်အတွက် အကောင်းဆုံး အခြေအနေ ဖြစ်မည်ဟု ပြောကြားထားသည်။

.

ဒီမိုကရေစီ၏ အနှစ်သာရတွင် အများစုဆန္ဒအတိုင်း ပုံဖော်သော်လည်း အနည်းစု၏ဆန္ဒကိုလည်း လေးစားမှု ပြုရန် ညွှန်းဆိုထားသည်ဖြစ်ရာ ဒီမိုကရေစီဆိုသည်မှာ သဘောတူညီခြင်းများအကြောင်း သက်သက် မဟုတ်ဘဲ အငြင်း ပွားမှုများကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းကြသည်ဆိုသော အချက်ကသာ ဒီမိုကရေစီဖြစ်သည် ဆိုသည်သာ အဓိက ဖြစ်ပေသည်။ ထို့ပြင် ဒီမိုကရေစီဆိုသည်မှာ အများ ဆန္ဒအရ အုပ်ချုပ်ခြင်းဆိုသည့် အယူအဆ သက်သက်လည်း မဟုတ်ပြန်သည် ဖြစ်ရာ ရွေးကောက်ပွဲ နည်းအားဖြင့် အများဆန္ဒအရ အုပ်ချုပ်ခြင်းဆိုသည်မှာ ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေသည်။

.

အများပြည်သူ ဆွေးနွေးငြင်းခုံခြင်း ဆိုသော နောက်ခံကားတွင် မတူညီသော အမြင် အမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ မျှမျှတတ ဖော်ပြခြင်း၊ လူနည်းစုများ၏ ရပ်တည်ချက်နှင့် အကျိုး စီးပွားများကို ကာကွယ် စောင့်ရှောက်ခြင်း စသည်တို့မှာ ဒီမိုကရေစီဖြစ်ပေသည်ဟု သတင်းမီဒီယာကျင့်ဝတ်တွင် ဖော်ပြထားသည်ကို သိရှိစေခြင်းဖြင့် မီဒီယာများ၏ ထမ်းရွက်ရသည့် ဒီမိုကရေစီ ဗဟုဝါဒကို ထင်ဟပ်စေသည့် အခန်းကဏ္ဍကို မီးမောင်း ထိုးပြလိုပါသည်။

.

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဖွဲ့စည်းမှုလည်း ရှိနေရာ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖြစ်ပါက ယင်းကောင်စီအတွင်း အားပြိုင်မှုကိုပါ တစ်နည်းတစ်လမ်း သက်ရောက်စေမည် ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အခန်းကဏ္ဍသည်လည်း မည်သို့ သက်ရောက်သွားမည်ကို အထူး စိတ်ဝင်စားစရာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံ၏ ပြကွင်းတစ်ခုအဖြစ် လေ့လာစောင့်ကြည့်ရမည် ဖြစ်ပေသည်။

.

Preference ordering  ဦးစားပေးမှု အစဉ်အရ ကိုယ်စားလှယ်လောင်းများ၊ သို့မဟုတ် ရွေးချယ်စရာ အတော်များများ ကြားတွင် ဆန္ဒမဲ ပေးသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆန္ဒမဲပေးသူများက ရွေးချယ်ကြသည်ဖြစ်ရာ လူဖြစ်စေ၊ မူဖြစ်စေ အကြိုက်တရားများဖြင့် မဲပေးခြင်းသည် ရွေးကောက်ပွဲ ဥပဒေများဖြင့် ညီသော်လည်း မသမာမှု ရှိနိုင်သည့် အမိန့်အရ ဖြစ်စေ၊ အကြောက်တရားအရ ဖြစ်စေ မဲပေးခိုင်းခြင်းကိုတော့ တတ်နိုင်သမျှ သွေဖည်အောင် ပြုလုပ်ရန် တာဝန် ရှိပေသည်။

.

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် နယ်မြေများကိစ္စ၊ စည်းရုံးရေးတွင် အဓိကရုန်း ပုံစံမျိုး ဖြစ်ပွားလာမှုများ၊ လက်နက်ကိုင် ခြိမ်းခြောက်မှုများသည် ၂၀၁၅ ခုနှစ်က အခြေအနေလို အများဆုံး မဟုတ်နိုင်တော့ဟု ယူဆနိုင်ဖွယ် ရှိပေရာ လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် swing vote များဖြင့် အားပြိုင်မှု ပြင်းထန်မည့် အခြေအနေ တစ်ရပ်အဖြစ် မျှော်လင့်ထားသဖြင့် လူထု အားလုံးပါဝင် မဲပေးကြခြင်းဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ရွေးချယ်နိုင်ကြမည် ဖြစ်ကြောင်းပါ။

.

၂၀၀၈ ခုနှစ်က လူ အများအပြား သေဆုံးစေခဲ့သည့် နာဂစ်မုန်တိုင်းကို အစွဲပြု၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအမည် တွင်ခဲ့သကဲ့သို့ ယခု လူအများအပြားရောဂါ ကူးစက်ခံရသေဆုံးနေရသည့် ကူးစက်ရောဂါ ကာလတွင် ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်ရွေးကောက်ပွဲဟု အမည်ခေါ်တွင် ကြတော့မည်သာ

သို့သော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန်ချက်တွင်ပင် အထူးအခွင့်အရေး အဖြစ် ရွေးကောက်ပွဲ ကျင်းပမည့် လာမည့် နိုဝင်ဘာ ၈ ရက် တစ်ရက်တည်းတွင် လူ ၃၀ အထက် စုရုံးခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ခြင်းသည်လည်း သမိုင်းဝင် နေ့ရက်ကိုပင် ထပ်မံ ထူးခြားစေသည့် နေ့ရက်အဖြစ် မှတ်တမ်းဝင်စေခြင်းပင် ဖြစ်သဖြင့် မဲပေးခွင့်ရှိသူတိုင်း ကိုယ့်သမိုင်း ကိုယ် ရေးကြရန် COVID-19 သေမင်းတမန် ရောဂါကို အကာအကွယ် အပြည့်ဖြင့် ရင်ဆိုင်ကာ လူတိုင်း မဲသွားထည့်ကြနိုင်ရေး တိုက်တွန်း နှိုးဆော်လိုက်ရကြောင်းပါ။

.

မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၂၀၀၈ ခုနှစ်က လူ အများအပြား သေဆုံးစေခဲ့သည့် နာဂစ်မုန်တိုင်းကို အစွဲပြု၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအမည် တွင်ခဲ့သကဲ့သို့ ယခု လူအများအပြားရောဂါ ကူးစက်ခံရသေဆုံးနေရသည့် ကူးစက်ရောဂါ ကာလတွင် ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်ရွေးကောက်ပွဲဟု အမည်ခေါ်တွင် ကြတော့မည်သာ ဖြစ်ပေသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About