မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အောက်တိုဘာလ ၈ ရက်က NLD
ဝန်းရံသူများ စုရုံးလှည့်လည်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားများအနက်
၉၀၁ ဦးအား အောက်တိုဘာလ ၉ ရက်က တရုတ်ဘက်မှ ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဆောင်သူ ၃ ဦးမှာ
ယခုအချိန်ထိ စီချိန်အကျဉ်းထောင်တွင် အကျဉ်းကျနေပြီး ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း
သိရသည်။
.
ရွှေလီမြို့၊ လုံခြုံရေးဌာန၏ ဥပဒေထုတ်ပြန်ချက်တွင် စုရုံးစည်းဝေး
လှည့်လည်ဆန္ဒပြခြင်းကို ခွင့်ပြုချက် မရှိဘဲ ကျူးလွန်ပါက တာဝန်ခံများကို သတိပေးခြင်း
သို့မဟုတ် ၁၅ ရက်အောက် ထိန်းချုပ်ပြစ်ဒဏ် ပေးမည် ဟု ဖော်ပြထားသော်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ
၃ ဦးမှာ ယနေ့ အောက်တိုဘာလ ၃၀ ရက် အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ယင်းအရေးကိစ္စအား
လိုက်ပါဆောင်ရွက်ပေးနေသူများ ထံက သိရသည်။
.
“ရဲစခန်းက အကြီးပိုင်းက အရေးယူထားတာဖြစ်လို့ သူတို့လည်း ဘာမှမတတ်နိုင်ဘူး။
ရောဂါကာလဖြစ်လို့ ထောင်ဝင်စာ ပိတ်ထားတာဖြစ်တဲ့အတွက် သွားတွေ့လို့လည်း မရတော့ ဘာဖြစ်နေမှန်း
မသိရဘူး။ ကိုရဲရဲ့ အမေကတော့ နေ့တိုင်းလိုလို ဖုန်းဆက်အကူအညီတောင်းနေတယ်။ တခြားတစ်ယောက်ရဲ့
အမျိုးသမီး ကလည်း နေ့တိုင်း ငိုယိုပြီးပြောနေတယ်။ အတိအကျမဟုတ်ပေမဲ့ ကြားတာကတော့ ဒီလို
နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အချိန် ဘယ်ကနေ NLD အင်္ကျီတွေ၊
အလံတွေ ထောင်ချီ ရောက်လာသလဲ။ ပြီးတော့ နောက် ကွယ်က ဘယ်သူခိုင်းသလဲ။ ဖမ်းမိတဲ့အချိန်မှာ
တရုတ်ငွေတွေလည်း တွေ့တော့ စုရုံးတဲ့အချိန် တစ်ယောက် ကို နေ့စားခ ယွမ် ၁၀၀ ပေးမယ်ဆိုတာတွေကို
စစ်နေတယ်လို့ သိရတယ်” ဟု ရွှေလီအခြေစိုက် မိုးမခ ဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်း စုရုံးအင်အားပြမှုအား ဦးဆောင်သူ ၃ ဦးမှာ မိုးကုတ်မှ
ကိုရဲ၊ မနန်းစုနှင့် အခြား အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ပြန်လွှတ်ပေးခြင်း
မရှိသေးသည့်အပြင် လှည့်လည်စဉ်က စီးနင်းခဲ့သည့် ဆိုင်ကယ် အစီးရေ ၃၀၀ ကျော်ကိုလည်း ပြန်လည်ပေးအပ်ခြင်း
မရှိသေးဘဲ ဆိုင်ကယ်အတွင်း ပါရှိသည့် ပစ္စည်းများကိုသာ ပြန်လည်ထုတ်ပေးကြောင်းနှင့် အမှုမပြီးပြတ်သေးသဖြင့်
ယင်းကဲ့သို့ ပြန်လည်ပေးအပ်မှု မပြုခြင်းဖြစ်သည်ဟု ထင်မြင်မိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“လူတော့တွေ့ခွင့်မရဘူး။ အစားအသောက်တွေတော့ ပို့လို့ရတယ်။
ဆိုင်ကယ်တွေက ပထမ တစ်စီးကို ယွမ် ၅၀၀ နဲ့ရွေးရမယ်ကြားပြီးနောက်ပိုင်း
ခုထိတော့ ပြန်မပေးသေးဘူး။ ငွေရမယ်ဆိုပြီး လှည့်လည်ပွဲ လိုက်တဲ့ အဖွဲ့တွေလည်း ငွေမရတဲ့အပြင်
ဆိုင်ကယ်ပါ ဆုံးမယ့်ကိန်းဆိုက်နေကြတယ်”ဟု အဆိုပါကိစ္စကို မိုးမခ ဖောင်ဒေးရှင်းနှင့်အတူ
လိုက်ပါကူညီ ဆောင်ရွက်နေသည့်
ဒေါ်နန်းနန်းက ပြောသည်။
.
ရွှေလီမြို့ရောက် NLD ဝန်းရံသူများသည်
အောက်တိုဘာလ ၈ ရက်က အင်္ကျီ၊ အလံများကိုဆောင်ကာ ကြယ်ဂေါင်ရှိ မနောကွင်းအတွင်း
စုရုံးပြီး ရွှေလီမြို့ ပန်းခြံအထိ ဆိုင်ကယ်များစီး၍ ကြွေးကျော်သံများဖြင့် ချီတက်ခဲ့ကြသည့်အတွက်
ရွှေလီရဲတပ်ဖွဲ့မှ ၉၀၄ ဦးကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၉ ရက်တွင် ၉၀၁ ဦးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.