ရှမ်းပြည်နယ်၌ NLD အောင်မြင်မှု ရာခိုင်နှုန်း ပိုလာမည်ဟု အောင်နိုင်ရေးခေါင်းဆောင် သုံးသပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 12, 2020

ရှမ်းပြည်နယ်၌ NLD အောင်မြင်မှု ရာခိုင်နှုန်း ပိုလာမည်ဟု အောင်နိုင်ရေးခေါင်းဆောင် သုံးသပ်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ရှမ်းပြည်နယ်အတွင်း၌ အောင်မြင်မှု ရာခိုင်နှုန်း ပိုလာမည်ဟု ပြည်နယ်အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးစိုးညွန့်လွင်က သုံးသပ်ထားကြောင်း သိရသည်။

.

“ ၂၀၁၅ ထက်စာရင် ၂၀၂၀ မှာ ရှမ်းပြည်နယ်ဟာ တိုင်းရင်းသား ပေါင်းစုံ နိုင်ငံရေးရေချိန် မြင့်တက်လာသလို၊ ၁၅ ထက်စာရင် ၂၀ ဟာ အောင်မြင်မှု ရာခိုင်နှုန်း ပိုလာမယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပြီး ယုံကြည် မျှော်လင့်ပါတယ်။”ဟု NLD ပါတီ၏ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးစိုးညွန့်လွင်က ပြောသည်။

.


 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော် အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်များ၏ အွန်လိုင်း စကားဝိုင်းကို အောက်တိုဘာလ ၇ ရက်က ပြုလုပ်စဉ် ဦးစိုးညွန့်လွင်က ယင်းကဲ့သို့ သုံးသပ်ထားကြောင်း ဆွေးနွေး တင်ပြခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ ရှမ်းပြည်နယ်အတွင်း၌ နိုင်ငံရေးယဉ်ကျေးမှု မြင့်လာပြီး အကြောက်တရား ကင်းလာကာ NLD ပါတီ ဝန်းရံသူ များလာကြောင်းကိုလည်း ရှမ်းပြည်နယ်အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်က ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

.

“ ရှမ်းပြည်နယ်မှာ အောင်နိုင်ရေး အခြေအနေကို သုံးသပ်ကြည့်တော့ ကျွန်တော်တို့ ပြည်သူလူထုဟာ ၂၀၂၀ မှာ ၂၀၁၅ ထက်စာရင် နိုင်ငံရေးယဉ်ကျေးမှု တိုင်းရင်းသားဒေသတွေမှာ မြင့်တက်လာတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ နောက်တစ်ချက်က အကြောက်တရား ကင်းလာတယ်။ NLD ပါတီကို ဝန်းရံသူတွေ သိသိသာသာ များလာတာကို တွေ့ရတယ်။” ဟု ဦးစိုးညွန့်လွင်က ပြောသည်။

.

NLD ပါတီသည် ရှမ်းပြည်နယ်အတွင်း၌ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၄၆ နေရာ၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၁ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် ၉၂ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ၇ နေရာ၊ စုစုပေါင်း ၁၅၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ပြီး ပြည်နယ်အတွင်း၌ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး ရွေးကောက်ပွဲ ဝင်ရောက်သည့် နိုင်ငံရေးပါတီဖြစ်ကာ ကိုယ်စားလှယ်လောင်း အများဆုံးရှိသည့် ပါတီမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌ အများဆုံး အနိုင်ရရှိသည့်ပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယအများဆုံး အနိုင်ရရှိသည့် ပါတီမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တတိယအများဆုံး နေရာကိုသာ ရရှိခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About