မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ကြယ်ဂေါင်နှင့်
ရွှေလီမြို့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်စည်းရုံးရေး အင်အားပြသည့်
မြန်မာနိုင်ငံသား ၈၀၀ ခန့်ကို ယနေ့ အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ
ဖမ်းဆီးထားသည်ဟု သိရသည်။
.
.
“အခုချိန်တော့ ရှုပ်နေတယ်။
အသိရဲတွေလည်း သေချာ မပြောနိုင်သေးဘူး။ လူကတော့ ကားတစ်စီးကို ၅၀ ကျော်နဲ့ ၁၅ စီးလောက်ရှိမယ်။
ကြယ်ဂေါင်ဘောလုံးကွင်းမှာ ဒီမနက် ၁၀ နာရီက လူစုပြီး ရွှေလီကိုရောက်တော့ ပန်းခြံမှာ
တရုတ်ရဲ တွေ ဝိုင်းဖမ်းလိုက်တာပါ” ဟု ရွှေလီမြို့ အခြေစိုက် မိုးမခလူမှုကူညီရေးအသင်း
ဥက္ကဋ္ဌ ဒေါ်အေးလီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုးမခဖောင်ဒေးရှင်းနာယက
ဒေါ်မိုးမခကမူ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကားတစ်စီးလျှင် လူ ၇၀/၈၀ နှုန်းဖြင့်
ကား ၁၂ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရုပ်သံဖိုင်များဖြင့် တင်ပြထားပြီး တရုတ်နိုင်ငံအစိုးရက
COVID-19 ရောဂါကာကွယ်ရေးအတွက်
လူစုလူဝေးမပြုလုပ်ရန် တားမြစ်ချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်မိုးမခက ထံက
သိရသည်။
.
“ဘာမှ တိုင်ပင်ညှိနှိုင်း၊
စုံစမ်းလုပ်ဆောင်တာ မရှိဘဲ ထလုပ်ကြတာ။ အခုတော့ တတ်နိုင်သမျှ ကူညီလုပ်ဆောင်ပေး နေပါတယ်”
ဟု ဒေါ်မိုးမခက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက
“အခုချိန်အထိတော့ တရားဝင်စာနဲ့ အကြောင်းကြားလာတာ မရှိသေးဘူး။ WeChat ကတော့ ပြောလာတယ်။ ဟိုဘက်မှာ စာအုပ်နဲ့
တရားဝင်နေတဲ့သူတွေ အောင်နိုင်ရေးဆိုပြီး ကြယ်ဂေါင်-ရွှေလီ အသွားအပြန် လှည့်လည်တယ်လို့
ပြောတယ်။ ထောင်တွေကို မျှပို့မယ်လို့ ကြားရတယ်။ ရောဂါကလမှာ သူတို့ဘက်က အရမ်း တင်းကြပ်ထားတယ်။
အခုလိုဖြစ်တော့ ဖမ်းတာပေါ့။ ဒီဘက်ကတော့ သူတို့ပြန်လွှဲပေးလာမှပဲ လက်ခံရတော့မယ်။ သူတို့လည်း
အခုနောက်ပိုင်း သိပ်ကြာကြာမထားဘူး။ ဒါပေမဲ့ နေတဲ့သူတွေတော့ သူတို့နေထိုင်ခွင့် ဆုံးရှုံးကုန်ကြမှာပေါ့”
ဟု ပြောသည်။
.
NLD ဝန်းရံသူများအနေဖြင့်
အနီရောင်ပါတီအင်္ကျီ၊ အလံများကို တပ်ဆင်ကာ လှည့်လည်ခဲ့ကြခြင်းဖြစ်ပြီး ရွှေလီမြို့
လယ်ပန်းခြံအတွင်း တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက်
ကားများဖြင့်တင်ဆောင်ကာ ရွှေလီမြို့ရှိ၊ စီကိုင်ထောင်သို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။
.
No comments:
Post a Comment