စိုင်းသိင်္ခသူ
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် အောက်တိုဘာလ
၂၁ ရက်က ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ ချိတ်ပိတ်
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
မိုင်းတုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ကြိုတင်ဆန္ဒမဲများ ရောက် ရှိလာပါက စနစ်တကျ
ထားရှိဆောင်ရွက်ရမည့် အခြေအနေနှင့် ကြိုတင်ဆန္ဒမဲလက် မှတ်အိတ်များအား ရွေးကောက်ပွဲဥပဒေ၊
နည်းဥပဒေများနှင့်အညီ လက်ခံထိန်းသိမ်း သွားမည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
.
“လက်ရှိတော့မြို့နယ်မှာ COVID-19 ၂ ယောက်တွေ့ထားတာဆိုတော့ စည်းရုံးရေးဆင်းတာ ရပ်ထားကြတယ်။ ပိုးကူးကြမှာစိုးလို့
စည်းရုံးရေးမဆင်းကြဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကိုကိုလွင်က ပြောသည်။
.
မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက
နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၏
ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေးခဲ့ပြီး နိုင်ငံရေးပါတီများမှ
ကိုယ်စားများက ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့်
ချိတ်ပိတ်ခဲ့ကြကြောင်း သိရသည်။
.
မိုင်းတုံမြို့နယ်အနေဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင်
နိုင်ငံရေးပါတီ ၇ ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း
၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
.